ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Wednesday, December 12, 2007

ကောင်မလေး..သို့ (၅)

(၁)
ကောင်မလေးရေ...
အားရင် စာရေးပါတဲ့..
ငါရေးမဲ့စာ
မင်း ရင်ခုန်မှာ မို့လို့လားဟင်.....။

(၂)
ဟိုးရှေးရှေးက ...
ကိုဗျတ္တ ပန်းဆက်သလို
မင်းအတွက်၊ တစ်နေ့ကဗျာတစ်ပုဒ်ရေး.....
ငါ...
ပျော်တော်ဆက်လေးပါ.....။

(၃)
ငါ့ကဗျာဖတ်ပြီး၊ မင်းပျော်မယ်ဆိုရင်
နှလုံးသွေးတွေကို မှင်အဖြစ်သုံး
မင်းအတွက် သီကုံးလို့
ကြေနပ်စွာ၊ ပြုံးနေမှာ.....


(၄)
ဒါမှမဟုတ်၊ အပိုအလုပ်လို့
စိတ်ရှုပ်မယ်ဆိုရင်တော့
ဘ၀င်တော် မညှိုးစေရေး....
ဒီကဗျာ...မင်းအတွက်..
မျက်ဖြေဆေးပေါ့ကွယ်.....

(၅)
ကောင်မလေးရေ.....
တစ်မိုးကုန်လို့ တစ်ဆောင်းကူး
ဘာလိုလိုနဲ့ ငွေနှင်းတွေတောင်မြူးတော့မယ်....

(၆)
အလွမ်းမိုးစက်တွေကို နှုတ်ဆက်....
ဆောင်းအိပ်မက်တွေကို ထွေးဖက်လို့
ငါ့ညတွေ..
ရတက်ပွေရဦးမယ်.....

(၇)
ငွေနှင်းမှုန်မှုန်မှာ...
ပိတောက်ဖူးမဲ့ရက်ကို ရည်စူး
ငါလေ....
စိတ်ကူးနဲ့ရူးရဦးမယ်.....။

(၈)
အလွမ်းညဟေမန်မှာ
တမ်းတ ဖြေမပြေပြန်လို့
ရင်ထဲမှာ ဆယ်နေကဲ
ငိုပွဲတွေနွှဲရဦးမယ်.....။

(၉)
ဘယ်အငြှိုးကြောင့်
ကျု့ပစ်ဆိုတဲ့ မြားနတ်မောင်
တမင်ရှောင်ပုန်း ငါ့ကိုမုန်းလို့
ကျီစားလေသလား
ငါ မစဉ်းစားချင်တော့ပါဘူး
ကောင်မလေးရယ်....။

(၁၀)
ကောင်မလေးရေ......
ငါရေးတဲ့စာ၊ ဒီကဗျာကြောင့်
အမျက်တွေဝေး၊ ရင်မှာဆွေးရင်.
ငါလေ.....
သောကတွေကို ဖြေပေးမယ်......။

No comments:

Post a Comment