ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Monday, December 8, 2008

အထီးကျန် (၂)

ငါက အရိုင်းအစိုင်းပါ...
ဟန်ဆောင်တာ မရှိ
ပကတိအတိုင်း..
ရင်ခွင်မှာ ပန်းရိုင်းတို့ပွင့်တယ်...။

လူယဉ်ကျေးတွေလို..
မုသားချိုချိုတွေ မသုံးတတ်..
ကိုယ်ယုံကြည်တဲ့ဘက်ပဲ ရပ်တာမို့..
အများနဲ့ တစ်ယောက်..
ထောင်ချောက်တွေထဲလဲ ရောက်ဖူးပြီ...။

ဘယ်လိုပဲ..လမ်းပျောက်ပျောက်...
ရှေ့ကိုသာ ဆက်လျှောက်လို့...
အခက်အခဲဟူသမျှ..ရင်ဆိုင်..
ခရီးအဆုံးမှာ..ငါ့အတွက်..
ရွှေရောင်တောက်ပတဲ့ ပန်းတိုင်ရှိတယ်...။

လောကကြီးထဲမှာ..
အနိုင်ဟာ...မမြဲသလို..
အမြဲတမ်းလဲ မရှုံး...
အဲ့ဒီလိုပဲ..ငါကျင့်သုံးတယ်...။

မြက်မစားတာချင်း အတူတူ...
ကောက်ကျစ်တတ်တဲ့ မြေခွေးလိုမပြုမူပဲ
တည်ကြည် ရဲရင့်..
ကိုယ်ပိုင်ဂုဏ်နဲ့ ပဏ္ဍာတင့်တဲ့..
ကေသရာဇာရဲ့ စိတ်ထားနဲ့..
အားလုံးကို အနိုင်ယူမယ်....။

လူညီရင်..
ဤဟာ..ကျွဲတဲ့..
အမှားတွေ ထပ်ပြန်တလဲလဲလုပ်..
ဒီလိုနဲ့ပဲ...
အမှန်တရားဟာ.. မိုးချုပ်ခဲ့ပြီ....။

ရှင်းပြစရာ မလိုပါဘူး....
မင်းဘ၀နဲ့မင်း..
ဘယ်လိုပဲ ရင်းခဲ့ရ ရင်းခဲ့ရ...
မင်းကိစ္စပဲလေ...
အရေးကြီးတာက...
မင်းရဲ့ အောင်မြင်ခြင်း...
အပြစ်ကင်းဖို့ပဲ လိုတာပါ........။

အောင်မြင်ခြင်းဆိုတာ...
ဖြတ်လမ်းနဲ့ မရ...
လွယ်လွန်းရင်...
ခနလေးနဲ့...ပြန်လက်လွှတ်ရတတ်တယ်.....။

ဘယ်သူတွေ ဘယ်လိုပဲလုပ်လုပ်...
အမှန်တရားကို လက်ထဲဆုပ်လို့..
သိက္ခာတရားကို မြေပေါ်..ချမနင်း...
ငါ့ကောင်းကင်က အမြဲတမ်း လင်းတယ်.....။

တစ်ခုပေးမှ.. တစ်ခုပြန်ရတဲ့လောကကြီးမှာ...
သူတို့လိုချင်တာ မပေးနိုင်တဲ့ငါ့အတွက်..
လူတွေက...တံဆိပ်ကပ်ကြတယ်.....
အရိုင်းအစိုင်းတဲ့....

ဟုတ်တယ်..
ငါက အရိုင်းအစိုင်းပါ...
ဟန်ဆောင်တာ မရှိ
ပကတိအတိုင်း..
ရင်ခွင်မှာ ပန်းရိုင်းတို့ပွင့်တယ်...။


((လေးညှို့ရှင်))

Thursday, November 6, 2008

မ-၄ (သို့) လွမ်းအိပ်မက်

အိပ်မက်လား၊ တကယ့်အဖြစ်အပျက်လားတော့ မသိ
ညက ကျွန်တော့်နဖူးကို 'မ' လာနမ်းသွားခဲ့တယ်।
ပြောသွားသေးတယ်.
'လွမ်းနေတာလားဟင်' တဲ့...

မျက်စိကို ချက်ချင်းဖွင့်မိတော့
အလင်းတန်းတစ်ခုက မညှာမတာ တိုးဝင်သွားခဲ့တယ်.
ကိုယ့်အဖြစ်ကိုယ် ပြန်တွေးရင်း
'ဟင်း' ခနဲ သက်ပြင်းရှည်တစ်ချက်ချ
တစ်ညလုံး မီးဖွင့်လျက်သား
စားပွဲပေါ်ပါးအပ်ရင်း
ကျွန်တော် အိပ်ပျော်သွားခဲ့တာကိုး...

ရှေ့တည့်တည့်ကို လှမ်းကြည့်မိတော့
အ၀ါရောင်မီးလုံးလေးနဲ့ ကျွန်တော့်ရဲ့ ယူဇာနိမ်း(မ်)လေးက
အားငယ်စွာနဲ့ ပြန်လှမ်းကြည့်တယ်.
'မ' မလာနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်.
သိပါတယ် 'မ' ရယ်..

မလာနိုင်မှန်းသိလျက်နဲ့
ပေါ်လာလေမလား မျှော်မိတာ
ကျွန်တော့်အပြစ်ပါ.

တုံ့ပြန်မှုမရှိတဲ့ 'မ' ရဲ့ နာမည်လေးဘေးမှာ
ကလစ်ခဏခဏ ခေါက်ရင်း
ဟိုးအဝေးကြီးကနေ ကျွန်တော် လွမ်းနေရတဲ့အကြောင်း
အော့ဖ်လိုင်း မက်ဆေ့ခ်ျတွေ ပို့ရပေါင်းလည်း များပြီ.
'မ' ရဲ့ ဖုန်းနံပါတ်လေးကို ထိုင်ကြည့်လို့
ခေါ်သင့်လား မခေါ်သင့်လား မေးခွန်းတွေများစွာထဲမှာ
ကျွန်တော့်ဝိညာဉ် ညင်သာစွာ အသက်မဲ့နေခဲ့တယ်.

ညရယ်..
ရှည်လွန်းလိုက်တာ.
စိတ္တဇည...
သွေးပျက်ည...
အိပ်ပျက်ည...
နှိပ်စက်ည...
လွမ်းဆွတ်ည...
ဝဋ်ခံရတဲ့ည...

လမင်းကြီးကို တမ်းတလို့
မှန်းဆ ငိုကြွေးနေတဲ့ ကျွန်တော်
ကြယ်စင် အဖော်လေးတွေကိုလည်း မခုံမင်နိုင်တော့ပါဘူး.
တဂိုးပြောခဲ့တဲ့ အမှန်တရား
ကျွန်တော့်အတွက်တော့ မခံစားနိုင်ခဲ့ပါဘူး.
ရူးတယ်ပြောလဲ ပြောတော့ 'မ' ရယ်.
အချစ်စစ်ဆိုတာ Assembly လိုင်းထဲက ထွက်ကျလာတဲ့
ပေါပေါလောလော ထုတ်ကုန်ပစ္စည်းမှ မဟုတ်ခဲ့တာ...

To Be or Not To Be ဆိုတာလည်း
ရှိတ်စပီးယားရဲ့ ဟင်းမလက်အတွက်ပဲ မှန်မှာပါ.
ဆုံးဖြတ်ခံရပြီးသား ဘ၀နှစ်ခုအတွက်တော့
Not To Be or Never To Be ဆိုတာပဲ ရှိခဲ့တော့တယ်.
ကျွန်တော် ဘာလုပ်ရမလဲဟင်
အဲဒီ့မေးခွန်းကို ကျွန်တော်သိပ်မုန်းတယ်.
ကိုယ်လုပ်ချင်တာကို ကိုယ်အမြဲသတ်မှတ်ခဲ့တဲ့လူတစ်ယောက်အတွက်
'ကျွန်တော် ဘာလုပ်ရမလဲ' ဆိုတဲ့ မေးခွန်းမျိုးက
ဆောက်တည်ရာမရ ဖြစ်လွန်းနေခဲ့တယ်.
ဒါပေမယ့် ပြန်မေးနေမိဆဲပါ
'ကျွန်တော်ဘာလုပ်ရမလဲဟင် မ'
'မ ကို သိပ်ချစ်မိတဲ့ ကျွန်တော် ဘာလုပ်ရမလဲ မ ရယ်'...

အိပ်မက်လား တကယ့်အဖြစ်အပျက်လားတော့ မသိ
ညက ကျွန်တော့်နဖူးကို 'မ' လာနမ်းသွားခဲ့တယ်.
ပြောသွားသေးတယ်
'လွမ်းနေတာလားဟင်' တဲ့..

ဟုတ်.
လွမ်းနေတယ်
သိပ်လွမ်းနေတယ်.
ကျွန်တော် သိပ်ကို လွမ်းဆွတ်နေမိတယ် 'မ' ရယ်...


(ကိုရန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)


Monday, September 8, 2008

27

နွေဦးဟာ...
ငါ့ကိုသယ်ဆောင်လို့..ခရီးဆက်..
ရာသီပေါင်း ၂၇ ခါ လည်ပတ်ခဲ့ပြီ.......။

လောကကြီးထဲမှာ...
ရယ်မော ပျော်ပါး....
မော်ကြွားခဲ့ရတာတွေ.....
ဝမ်းနည်း ကြေကွဲ....
မျက်ရည်ဝဲ ခဲ့ရတာတွေ......
အကြိမ်ကြိမ် အလီလီကြုံတွေ့....
သင်ခန်းစာတွေ အပြည့်ပေါ့......

မိုးလောက်ကြီးတဲ့ အိပ်မက်တွေအတွက်....
ပေးဆပ်ခဲ့ရတဲ့ နာကျင်မှုတွေ...
ယုံလွယ်တတ်တဲ့ စိတ်ဓါတ်အတွက်..
နောက်ကျောက ဓါးချက်တွေ...
အားလုံးကို မေ့ပစ်...
အခု .. ငါ့ဘ၀ရဲ့ စာမျက်နှာအသစ်..စမယ်...။

ငါ့လက်နဲ့ ငါရေး ...
အကောင်းဆုံးကို တွေးလို့..
အဆိုးကြုံလဲ..ရင်ဆိုင်...
ငါ့..ကိုယ်ငါ..ပဲ့ကိုင်မယ်...။

လုပ်သလိုမဖြစ်ရင်..
ဖြစ်သလို လုပ်တဲ့...
ခံစားချက်တွေကို ဗီရိုထဲသော့ခတ်..
နောက်ဆို..
စိတ်ထဲကပါ .. ဖျောက်ဖျက်ပြစ်မယ်...။

၂၇ နှစ်စာ.ရင့်ကျက်မှုတွေနဲ့..
အမေ့ကို ပွေ့ဖက်...
ဆိုးမိုက်ခဲ့တဲ့..ရက်တွေကို
ကျော်ဖြတ်မယ်...။

ကောင်းကင်..မြက်ခင်းနဲ့..
ပန်းပွင့်တွေ အကြောင်း..
သတင်းကောင်းပေးနေတဲ့..
ငှက်ကလေးတွေရဲ့ တေးနဲ့..
ကဗျာတွေ..ရေးမယ်...။

နောက်လာမယ့်..မနက်တိုင်းမှာ..
ငြိမ်းချမ်းစွာနိုးထ..
လေပြေညင်းရဲ့ ဂီတနဲ့...
စိတ်ရိုင်း..စိတ်မိုက်တို့ကိုဖယ်ရှင်း...
ဒါဟာလည်း..ငါ့ဘ၀ရဲ့..
ချိုမြတဲ့ နေထိုင်ခြင်းလေ...။

လေးညှို့ရှင်

Sunday, August 31, 2008

“မ”

အပြင်က ပြန်ရောက်လို့
မီးခလုတ်ကို ချောက်ခနဲတောင် မဖွင့်ခင်
ဟောဒီ့လက်တွေက
ကွန်ပြူတာ ပါဝါကို အရင်ဖွင့်မိနေတတ်ပြီ…

စကရင်(န်)ကို ရီဖရက်ရှ်လုပ်
အားလုံးဟုတ်လောက်ပြီ ဆိုရင်
အလျင်အမြန် နှိပ်မိတာကတော့
အလွမ်းတွေဝေနေတဲ့ ဒီ ဂျီတော့ခ်ပေါ့..

လွမ်းတယ်. မ
သတိရတယ်.
အဆင်ပြေပါစေနော်. မ
ဒီညမျှော်နေမယ်.
မောနင်း မ..
စာတွေဆက်ရေးပါနော်.
ကောင်းသောညလေးဖြစ်ပါစေ.
လွမ်းနေပေးပါနော်.
သတိရနေမယ်..


..
.

ချစ်ခြင်းသီဖွဲ့စကားလုံးပေါင်းများစွာ
ဒီ ချက်ဟစ်စ်ထရီမှာ ကိန်းအောင်းနေကြတယ်.
မရိုးနိုင်အောင်ပါပဲလေ…

နေ့ပေါင်းများစွာရဲ့ မနက်ခင်းတွေမှာ
အလွမ်းတေးတွေသီခဲ့ဖူးတယ်.
“မ” တစ်ယောက် ကြားမကြား မသိနိုင်ခဲ့လည်း
ကျွန်တော့်ရဲ့ နှလုံးသားထဲမှာတော့
ဒီအချိန်ရောက်တိုင်း
မှုန်မှိုင်းနေတဲ့ အလွမ်းတိမ်တွေ
ညို့တက်လာမြဲပါ..

ညပေါင်းများစွာရဲ့ သန်းခေါင်ယံတွေမှာ
“မ”ကိုလွမ်းတဲ့ အကြောင်းတွေကို
နာရီသံတွေက သယ်ဆောင်နေခဲ့ဖူးတယ်.
“မ” တစ်ယောက် မခံစားနိုင်ခဲ့လည်း
ကျွန်တော့်ရဲ့ ဘိုင်အိုကလော့ခ်ကြီးကတော့
မျှော်လင့်စောင့်စားနေတဲ့ ဒီမျက်ကွင်းတွေအောက်မှာ
အညိုရောင် အလွမ်းသင်္ကေတတွေ ရေးထိုးနေမြဲပါ..

အချစ်ရည်တွေ ရွှန်းလဲ့နေတဲ့
ဒီမျက်ဝန်းအိမ်မှာလည်း
နေ့နေ့ညည
အလွမ်းမိုးတွေ သွန်းဖြိုးဝေကျနေမြဲပါ…

ဂရုစိုက်ပါ မ ရယ်..
ကျွန်တော်က အဝေးကြီးမှာ နေနေရတာ.
ချစ်တဲ့ “မ” အနား
ကျွန်တော် နေချင်သားပေါ့
ဘ၀ဆိုတာရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်ဖို့ ကြိုးစားရင်း
ကိုယ်စီကိုယ်ငှ တာဝန်တွေ ထမ်းဆောင်နေရချိန်မှာ
“မ” ရဲ့ လက်ဖမိုးလေးကို
မြတ်မြတ်နိုးနိုး ဆုပ်ကိုင်လို့
ဘ၀ခရီးကို ဆက်ချင်တယ်.
ဘာလို့ မဖြစ်နိုင်ရမှာလဲ “မ” ရယ်..

ဗျာ!

ဘယ်လို!!

ဟင်!!!

အပြင်ကို ထုတ်ဖော်မပြဖြစ်ခဲ့တဲ့
အာမေဋိတ်သံတွေအောက်မှာ
ကျွန်တော် ဘာပြန်ပြောရဦးမှာလဲဟင်..
တိုက်ပွဲကို နိုင်အောင် တိုက်နိုင်ပါလျက်နဲ့
ချစ်သူနဲ့ လက်ဆက်ခွင့် မကြုံကြိုက်နိုင်တာ.
ကျိန်စာကို ပယ်ဖျက်နိုင်ဖို့ ကြိုးစားရင်း
ကျိန်စာသင့်ခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်လိုပါပဲလေ…

“သေရင်မြေကြီး ရှင်ရင်ရွှေထီးဆိုကာ
စွန့်စားခဲ့တာလည်း
ရခါမှပဲ မိဖုရားက မရှိတယ်”

ဆရာ စိုင်းခမ်းလိတ်ရဲ့ စာသားတွေက
ကျွန်တော့်ရဲ့ မာနတွေကို ပြက်ရယ်ပြုနေကြတယ်.
ကျွန်တော်မရှက်ပါဘူး
ဝမ်းပဲနည်းတယ်.

ဘာပဲဖြစ်ဖြစ်ပါ “မ” ရယ်.
ချစ်တယ်ဆိုတာ ပိုင်ဆိုင်လိုခြင်းတစ်မျိုးဖြစ်ပေမယ့်
မရယူနိုင်တော့တဲ့ အချိန်မှာ
ရယူပိုင်ခွင့် မရှိတော့တဲ့အချိန်မှာ
စပျစ်သီးချဉ်တယ်လို့ ဟော့ဟော့ရမ်းရမ်းပြောတဲ့ မြေခွေးလို
ကျွန်တော့်အချစ်တွေ မသော့သွမ်းနိုင်ခဲ့ပါဘူး.
“မ” ကို ကျွန်တော် ချစ်နေမြဲပါ.
ခုလည်းချစ်တယ်.
အရင်ကလည်းချစ်တယ်.
နောင်လည်း ဒီ့ထက်ပိုချစ်သွားဦးမယ်.
ကျွန်တော့်ထက် မပိုနိုင်ရင်တောင်
ကျွန်တော့်အောက် မလျော့တဲ့
ချစ်ခြင်းမေတ္တာတွေကို “မ” တစ်ယောက်
ရရှိခံစားနိုင်ပါစေနော်…

စည်းတစ်ဖက်ဆီမှာ ကိုယ်စီရပ်ရင်း
ဟန်ဆောင်တင်းထားတဲ့ သိက္ခာတွေကို ငဲ့ကွက်လို့
ကျွန်တော် ဘာမှ ၀င်မစွက်ချင်တော့ဘူး “မ” ရယ်.
တစ်ခုပဲ ပြောခဲ့ချင်ပါတယ်.
ချစ်တာထက်ပိုတဲ့ အချစ်တွေနဲ့
“မ” ကို ကျွန်တော်သိပ်ချစ်တယ်….

တဆိတ်လောက် “မ” ရယ်.
ကျွန်တော့်ရင်ထဲမှာ အလွမ်းတွေပြည့်လာလို့
“မ”ရဲ့ ဂျီတော့ခ် ယူဇာနိမ်းမ်လေးဘေးမှာ
အလွမ်းကဗျာလေးတွေ ရေးလိုက်ဦးမယ်နော်…
အဆင်ပြေတဲ့တစ်နေ့ “မ” ဖတ်ဖို့ပါ.
သွားတော့မယ် “မ” ရယ်..


(ရေခဲငှက်)

(ကိုရန်အောင် ဘလော့မှ ကူးယူဖော်ပြပါသည်)

Wednesday, August 27, 2008

ဖြူ

ဖြူ
မငြူစူကြေး...
ကဗျာတွေ အတူတူ ရေးရအောင်.....

အဲဒီ့ ကဗျာထဲမှာ....
နာကျင်စရာ..ဝေး
တစ်ယောက်ကို တစ်ယောက်
ဖြေသိမ့်ပေးမယ့်...
စာသားလေးတွေ ပါမယ်......။

တစ်ယောက်အခက်အခဲ...
အတူတူလက်တွဲလို့...
ရင်ဆိုင်ကျော်လွှားနိုင်တဲ့...
အားတက်စရာ...
စကားအလင်္ကာတွေ ပါမယ်........။

နင်နဲ့ငါရဲ့...
ဖြူစင်တဲ့ ခင်မင်ခြင်း...
ဘယ်တော့မှ မပျက်ယွင်းနိုင်မဲ့...
အရောင်အဆင်း ကင်းတဲ့...
အေးမြတဲ့ ချစ်ခြင်းတွေ ပါမယ်......။

ဖြူရေ....
ငါ အမြဲတမ်း စိတ်ပျက်အားငယ်တိုင်း...
အားပေးတတ်တဲ့ သူငယ်ချင်း...
ဘ၀တစ်လျှောက်လုံး...
ကြောင့်ကြရခြင်း ကင်းပါစေလို့...
နင်နဲ့ အဝေးကြီးက နင့်သူငယ်ချင်း..
ဒီကဗျာလေးနဲ့ ဆုတောင်းပေးလိုက်ပါတယ်.....။

Friday, June 27, 2008

အမေ

အမေ...
ကြယ်ကြွေတွေ ကောက်ပြီး
လေထဲမှာ အိမ်ဆောက်မိသူက
ကျွန်တော်ပေါ့......

တိမ်တောက်တဲ့ ညနေတိုင်း...
ကောင်းကင်ကိုကြည့်ငေး
ကျွန်တော်မပါတဲ့...
မိသားစု ထမင်းဝိုင်းလေးဆီကို
စိတ်တွေကပြေးလို့...
အမေ့အနား...
ခုချက်ချင်း ရောက်သွားလိုက်ချင်တယ်.....။

အမေ့ ရင်ခွင်ရဲ့အဝေး..
ခြေစုံကန် ထွက်ပြေးခဲ့မိတာ ၃ နှစ်...
အဲဒီ့ အတောအတွင်းမှာ...
ဒဏ်ရာတွေနဲ့ပဲ..နစ်နေရတယ် အမေ.....။

အမေရေ....
မာယာစုံတဲ့လောကကြီးရဲ့....
မျက်နှာဖုံးတုတွေကြားထဲမှာ..
ရိုးသားစွာ ခရီးဆက်...
သူတစ်ပါးကို နင်းတက်လိုက်ရမှာ...
ကျွန်တော်..ရှက်တယ်....အမေ.......။

လိုအင်တစ်ခုအတွက်....
အမှန်တရားကို မြိုချ...
လိုအပ်ချက် တစ်ခုအတွက်...
သူများ ခြေထောက်တွေကို လိုက်လိုက်လျက်ရမှာလဲ....
ကျွန်တော် ရှက်တယ်......။

အများနဲ့ တစ်ယောက်....
လူတွေက ကျွန်တော့်ကို..
မျက်မှန် အနောက်နဲ့ ကြည့်ကြတယ်.....

တကယ်တော့ အမေရယ်...
မိုးရွာတုန်း ရေခံဆိုပြီး...
သူတို့ သောက်နေတဲ့ မိုးခါး.....
ကျွန်တော် မမက်မောတတ်တာ အပြစ်လား အမေ.......
မိုးခါး တစ်စက်ကြောင့် ....
ကျွန်တော့်လမ်းလေး ပျောက်သွားမှာ ကြောက်တယ်..........။

အဲဒီတော့...
ကျွန်တော့်ကို လူတွေက မေးငေါ့တယ်......
ဂျစ်ကန်ကန် ညစ်ကပ်ကပ်
ဆင်းရဲတွင်း.. နက်မဲ့ ကောင်တဲ့.................။

သူတို့ ဘယ်လို ပြောပြော
တစ်လောကလုံးပဲ မှောင်နေပါစေ....
အမှန်တရားကို ဆုပ်ကိုင်လို့...
ကိုယ့်သိက္ခာနဲ့ ကိုယ်..လင်း.....
ကျွန်တော့ မနက်ခင်းတိုင်း.....
ကြောင့်ကြခြင်း ကင်းပါတယ်..အမေ...........။

အဝေးရောက်နေတဲ့....
သားတစ်ယောက်အတွက်..
သောကတွေ မီးမတောက်ပါနဲ့....အမေ
ကိုယ့်လမ်း....ကိုယ်ဖောက်
ချောက်နက်ထဲ မရောက်အောင်....
သား လျှောက်နိုင်ပါတယ်............။

ကျွန်တော့်အတွက်...
တစ်ခါမှ..ဂုဏ်မတက်ခဲ့ရတဲ့အမေ....
မျက်ရည်လဲ.. မဝေစေရပါဘူး......
သားမိုက် မဟုတ်ပေမယ့်....
သားလိမ္မာလဲ မဟုတ်တဲ့ ..အမေ့သား......
သစ္စာစကား ဆိုပါတယ်..အမေ..................။

အမေရေ...........
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ.......
အရှိန်အ၀ါတွေ ကင်းမဲ့တဲ့...အိမ်အိုလေးထဲမှာ....
အမေ့ရင်ခွင် ပါးအပ်ရင်း.......
ကျွန်တော်.....
တစ်ရေးလောက်...မှေးစက်ချင်တယ် အမေ..........................။


((လေးညှို့ရှင်))

Tuesday, June 24, 2008

လွမ်းတယ်

ကြားနေကျ.. သူ့အသံ......
မကြားရတော့တဲ့ အခါ..........

မြင်နေကျ.... သူ့မျက်နှာ...
မမြင်ရတော့တဲ့ အခါ.............

ပြောနေကျ... စကားတွေ
ပြောခွင့် ..... မရတော့တဲ့ အခါ..........

ခန်းဆီးပြာနောက်က.. သူ့ပုံရိပ်.....
တိတ်တိတ်လေး... ခိုးကြည့်ခွင့် မရတော့တဲ့ အခါ.......

သူမရှိတော့ဘူးဆိုတဲ့ အသိနဲ့
နွေးထွေးမှုကင်း.....
အိပ်စက်ခြင်းတွေ...မလှပတော့တဲ့..အခါ...................

လေးညှို့ရှင်

Friday, June 13, 2008

နှစ်ဆယ့်တစ်ရာစု ရည်းစားစကား

မျက်နှာချိုသွေးသွေးပြီး
ချစ်ရေးဆိုရမှာ
ရှက်လိုက်တာကွယ်။

ဂစ်တာမတီးချင်ဘူး
သီချင်းမဆိုချင်ဘူး
စာမပေးချင်ဘူး
ကဗျာမရွတ်ချင်ဘူး
အုတ်ခုံကို ဂစ်တာနဲ့ရိုက်ခွဲ
အဲဒါ
ကိုယ့် အသည်းပါပဲ။

အိုက်တင် ပေး
ဖက်ရှင် ပြ
အ၀တ်အစား လှလှလေးတွေ ၀တ်ပြီး
ပြဇာတ် မကချင်ဘူး။

ဟောင်းနွမ်းနေတဲ့
အင်္ကျီကြယ်စေ့တွေကို
လက်နှစ်ဘက်နဲ့ (ဖြန်းခနဲ) ဆွဲဖွင့်
အဲဒါ
ကိုယ့်ရဲ့
ပန်ကြားခွင့်ပေါ့။

အသည်းမကွဲချင်ဘူး
မျက်ရည်မကျချင်ဘူး

ကွန်ပျူတာစက်ခလုပ်တွေပေါ်မှာ
တို့နှစ်ယောက်
ပျော်ရွှင်စွာ တွေ့ဆုံကြရအောင်။



မောင်လှမျိုး (ချင်းချောင်းခြံ)

Monday, May 26, 2008

ချစ်သူ့သ၀ဏ်

မင်းအတွက်ဆို....
ကိုယ့်အသက်ကို ပေးပြီးသားမို့....
အကဲပိုတယ် ထင်သလားကွယ်........။

မင်းသွားလေရာ.....
ဖ၀ါးခြေထပ် မလိုက်ပါနိုင်ပေမယ့်....
စိတ်ကူးတွေရွက်လွှင့်...
မင်း နံဘေးမှာ အသင့်ပေါ့......။

မင်းနဲ့ကျမှ...
ကိုယ့်ကဗျာတွေ အသက်ဝင်....
မင်းက ဖန်ဆင်းရှင်ပေါ့ကွယ်.........။

မင်းပျော်ရင် ကိုယ်ပျော်....
မင်းငိုရင် ကိုယ်ငိုလို့...
မင်းစိတ်နဲ့ အရူးရင့်...
ကိုယ့်ဘ၀ နေမြင့်ပြီ............။

မင်းလှောင်ရင်လှောင်...
မင်းပြုံးရင်ပြုံး......
ကိုယ့်ကို မမုန်းပါနဲ့နော်.............။

Sunday, May 25, 2008

မောင်လေးအတွက်

ရွှေငွေ ရတနာ၊ စည်းစိမ်ဥစ္စာ

အမွေဆက်ခံစရာ

ငါတို့မှာ မရှိပါဘူး . . . ။



ခိုင်ကြည်တဲ့စိတ်ထား

ပြတ်သားတဲ့သတ္တိ

အဖေ့သွေးက စီးဆင်း

နင်နဲ့ငါ ရင်တွင်း ရှိစေခဲ့ခြင်းက

နှိုင်းမရတဲ့ ဗီဇအမွေ

သက်သေလေ . . . ။



"အလိမ္မာ စာမှာရှိ"

ပညာရှိတို့ စကား

အမေ့ရဲ့ ၀ါသနာတရားတို့က

နင်က ကဗျာသမားဖြစ်

ငါက စာသမားစစ်စစ်

ဖုံးကွယ်မရတဲ့ အမှန်

မျက်မြင်ဧကန်လေ . . . ။



လောကရဲ့ ပင်လယ်

ကြွယ်လှတဲ့ မာယာတော

နင်ရော ငါရော ဖြတ်ကူးတဲ့အခါ

အမှန်ကို ချစ်တတ်

စာနာသနားတတ်တဲ့ စိတ်ဓါတ်

ကြံ့ကြံ့ ခံနိုင်တဲ့ ခွန်အား

ငါတို့ သွေးသားထဲ စိမ့်ဝင်

အခက်အခဲကို မကြောက်

ဘာကိုမျှ မမှုလောက်ပါဘူး

ငါတို့ ရဲ့ အရည်အသွေး

စစ်ဆေးတဲ့ ပွဲတွေပါ . . . .။



ခြုံကြားက ရုန်းထ

ဘုံဖျားအထိ ရောက်စေရမယ်

ဇွဲနဲ့ မာန်အား တင်းထားစမ်းပါ . . .။



အသပြာငွေကြေး

နှိုင်းမရတဲ့ဈေးနဲ့

မိမွေ၊ ဖမွေ . . .

ငါတို့ ပိုင်ပြီးသားလေ . . .။



အောင်မြင်မှုရဲ့ စာမျက်နှာ

ငါတို့ ရေးလို့ ရနေတာပဲ

အခိုက်အတံ့ဆိုတဲ့ ကာလဟာ . . .

တခဏပါ . . .။



နင့်ရဲ့ သမိုင်း

နင်ရေးချင်တိုင်း ရေးလို့ရနေတာပဲ

အောင်မြင်တောက်ပ

အနာဂါတ်လှစေဖို့

ကိုယ်ပိုင်လက်နဲ့ ရေးချယ်

ငါ့မောင်လေး

ငါ့ရဲ့ တစ်ဦးတည်းသောမောင်လေး

ဘ၀တစ်ခုလုံး

လှပပါစေကွယ် . . . . ။





မမ

Saturday, May 17, 2008

လှေပေါ်မှာ

တစ်သက်မဝေးအောင်လို့
ငှက်ကလေးတွေ အစာကျွေး
ယတြာပေးသမျှကိုလဲ ချေဖူးတယ်။

မွေးနေ့ဆို ဘုရားတက်
ရေသက်စေ့ ဘုရားလှူ
မီးပူဇော် ပန်းတွေကပ်
လွမ်းမနေတတ်အောင်ပေါ့ အချစ်ရယ်။

တကယ်ပေါင်းဖို့ကျတော့
တပေါင်းမှာလဲ မထူး
တန်ခူးလဲ မဖြစ်
တစ်နှစ်က တစ်နှစ်လက်ကမ်း
ချစ်သက်တမ်းရှည်သမျှ တစ်ဦးကိုတစ်ဦးက
စိုးရိမ်မယ်
တစ်အိုးတစ်အိမ်ရယ်လို့တော့
မထူထောင်ဖြစ်။

တစ်ယောက်လုပ်ခ
နှစ်ယောက်လုပ်ခ
ဘယ်လောက်ဒုတ်ခတွေကိုငြိမ်းအေး
စားဝတ်နေရေးကို ဘယ်လောက်ကူ
လူနေမှုအပူကို ဘယ်လိုဖျောက်နိုင်မတုံး
ကုန်းဈေးနှုန်း အဲဒီပင်လယ်မှာ
ခင်ရယ် ကိုယ်ရယ် ဘယ်လိုဖြတ်
သတ္တိကြောင် သောကအတွေးတွေနဲ့
ဝေးကြတဲ့နှစ်။

မောင်စိန်ဝင်း (ပုတီးကုန်း)

(မနှင်းစက်မိုး ဘလော့ခ်မှ ကူးယူဖော်ပြပါသည်။)

Wednesday, May 14, 2008

လွမ်းရလွန်းလို့ ပြန်လာပါ

(၁)
မ....
ည ညဆို အလည်လာ.....
အိပ်မက်တွေမှာပေါ့.....
အမြဲတမ်းပြုံးကာ....
ကျွန်တော့်ကို....
သိပ်ကြင်နာတယ်လေ........။

(၂)
နိုးတစ်ဝက်အသိ....
ဒါဟာ.....
တကယ်မဟုတ်မှန်း..ရိပ်မိပေမယ့်.....
ကိုယ့်စိတ်ကို ..လှည့်စား...
အတွေးထဲမှာတောင်...
မ..အနား ...နေချင်ခဲ့တာပါ......။

(၃)
ကျွန်တော့်ရဲ့..စေတနာ
တစ်ခါ...တစ်ခါ..
မ..အတွက်...
စိတ်ရှုပ်စရာတွေ ဖြစ်နေတာသိပေမယ့်.....
မသိသလို..လျစ်လျူရှု...
အခြားသူတွေ အလယ်မှာ.....
ပြက်ရယ်မပြုပါနဲ့နော်......။

(၄)
တစ်နယ်ဆီဝေး...
လူချင်းတွေ့ဖို့လဲ အခြေအနေမပေးတာကြောင့်.
မ..မျက်နှာကို..ခိုးခိုးကြည့်...
တစ်ဘက်သတ်ရင်ခုန်မိတဲ့...အချိန်တွေကို..
ပြန်လည်တွေးတော....
စိတ်ထဲမှာ..မောနေတာပဲ...
မ.....ရယ်........။

(၅)
မ..ကို..သတိရစိတ်ကြောင့်
အရဲစွန့် မျက်စိမှိတ်....
ဖုန်းခလုပ်ကို..နှိပ်မိတဲ့အခါ......

(၆)
ဟဲလိုဆိုတဲ့..မ..အသံမှာ....
ကတုန်ကရီဖြစ်....
ပြောချင်တဲ့...စကားတွေတောင်...
အ..ထစ်...အ..ထစ်.နဲ့
ရှေ့ဆက်တိုးမရ...
ကျွန်တော့်မှာ...
သက်ပြင်းတွေသာ..အခါခါ .ချခဲ့ရပါတယ်..။

(၇)
မဖြစ်သင့်ပေမယ့်....
ရင်ထဲမှာ...နင့်နေအောင်...ချစ်တာမို့..
ရှောင်ဖယ်...စိမ်းကား...
ကျွန်တော့်ကို..တွေ့ရင်....
မ...မျက်နှာလွှဲမသွားပါနဲ့နော်.......။

(၈)
တမ်းတ..မျှော်မော...
မ..ကို...တွေ့လိုတဲ့..ဇောတွေနဲ့....
စားမ၀င်..အိပ်မရ...
မ..နဲ့....
ပြန်ဆုံမယ့်နေ့တွေကို...မှန်းဆလို့...
ကျွန်တော်လေ...အခု....
နာရီတွေကို .. မုန်းတတ်ပြီ.......။

မျက်ဖြေ

(၁)
ချစ်သူ.....
အသည်းအသက်နဲ့..ထပ်တူပြု...
မင်းဟာ..ကိုယ့်အတွက်...
ဘုရားပေးတဲ့..ဆုပေါ့.......။

(၂)
ဖေးကူ..ထူမ...
အပေးအယူ...မျှတလို့......
ဘ၀တစ်လျှောက်လုံးလက်တွဲ...
မင်းနဲ့.....
ရာသက်ပန်...မခွဲချင်သူပါ......။

(၃)
ခွန်းချို...သံသာ...
ချစ်စကားတွေ...တီတီတာတာမပြောတတ်ပေမယ့်
မင်းကို..ချစ်တဲ့စိတ်......
ရင်ထဲမှာ..အပြည့်အသိပ်ပါပဲ.......

(၄)
သိပ်ချစ်လို့...သ၀န်တို.....
ဒါကို...အပြစ်မဆိုချင်ပေမယ့်.....
ကိုယ့်သိက္ခာကို..ငဲ့ကွက်.....
ကိုယ့်ဘက်တော့..တစ်ချက်..ငဲ့ကြည့်ပါ.....။

(၅)
မင်းကလွဲရင်....
လော်လည်ဖောက်ပြား.....
မင်းအပြင်..အခြားတစ်ယောက်ကို...
ချစ်သွားလေမလားလို့.....
သံသယအတွေး.....
နည်းနည်းလေးတောင် .. မမွေးပါနဲ့နော်......။

(၆)
မင်းတစ်ယောက်ကိုသာ..သစ္စာထား..
ကိုယ့်နှလုံးသားမှာ....
အကြားအလပ်မရှိ....
တခြား...ထပ်မရှိပါဘူးကွယ်.......။

(၇)
ကိုယ့်အသက်အရွယ်နဲ့......
ဆယ်ကျော်သက်တွေလို....
အချစ်ကို...ကိုးကွယ်ရမှာ..ရှက်လို့....
တစ်ခါ...တစ်ခါ...
အလုပ်ကို..အာရုံပြု...
မင်းကို...လျစ်လျူရှုခဲ့မိပါတယ်......။

(၈)
မင်းကို..ချစ်တာ...
ရင်ထဲမှာ..တစ်သက်စာမို့...
ကိုယ့်အချစ်ကို..နားလည်....
မင်း.....
ပျော်ရွှင်..ချမ်းမြေ့ နိုင်ပါစေကွယ်.......။

ရီဝေငိုက်မြည်းနေတဲ့
ငါ့ရဲ့နှလုံးသားဟာ
အချစ်ဆိုတဲ့အရာကို
မခံစားရဘူးလို့
ထင်မြင်နေခဲ့တာ.....

မ..ကိုတွေ့တော့မှဘဲ
ရှိန်းတိန်းတိန်းနဲ့
အစဉ်ငေးမောရင်း
ကြည်နူးနှစ်သိမ့်နေတဲ့
အချစ်ရူးလေး ကျွန်တော်ပေါ့.....

((နံရိုး))

Friday, May 9, 2008

လင်းလက်ကြယ်စင်

ကိုယ်ပိုင်ဂုဏ် တစ်စုံတစ်ခုမရှိဘဲနဲ့... သူတစ်ပါးရဲ့ အရှိန်ကို ယူဖို့ မကြိုးစားပါနဲ့....သူတစ်ပါးရဲ့ အရှိန်အ၀ါအောက်မှာ ကိုယ်ပိုင်ဂုဏ်ကင်းမဲ့တဲ့သူဟာ...ပိုပြီး မှေးမှိန်တတ်တယ် သိမ်ငယ်တတ်တယ်
ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် ထွန်းတောက်နိုင်ဖို့ကြိုးစားပါ လမင်းကြီးမဖြစ်တော့လည်း အစဉ်လင်းလက်တဲ့ ကြယ်ပွင့်လေး ဖြစ်နိုင်သားပဲ.....။

((ဒေါက်တာ မတင်ဝင်း))
အတွေးမိုးစက်များ မှ

Thursday, May 8, 2008

အို . . Nagis

အို . . Nagis
မင်းရက်စက်လိုက်လေခြင်း . .
ပြင်းထန်တဲ့ မင်းလက်ဝါးအောက်မှာ ငါတို့မြို့လေးဟာ ကျိုးကြေလို့ ...
အိပ်မက်ဆန်ဆန် လွင့်မြောခဲ့တဲ့ မင်းရဲ့စီးကြောင်းတစ်လျှောက်
ငါတို့ရဲ့ဘ၀တွေ အစိတ်စိတ်လွင့်စင်ခဲ့ရပေါ့ ...
မင်းရဲ့အဖော် ပင်လယ်လှိုင်းခေါင်းဖြူကြီးတွေဟာ
ငါတို့မြို့လေးကို ၀ါးမြိုဖို့
အစွယ်တဖွေးဖွေးနဲ့ ပြေးလာနေကြ .....
ငါတို့ဘယ်မှာပုန်းကွယ်ခိုနားရမှာလဲ?
ငါတို့ရဲ့အိမ်တွေနဲ့အတူ ငါတို့အနာဂတ်တွေပြိုကျခဲ့ရပေါ့
အို..Nagis
မင်းရက်စက်လိုက်လေခြင်းကွယ် .......

swummoe
(Myanmar IRC Community မှ ကူးယူဖော်ပြပါသည်။)

Monday, April 28, 2008

လှမ်းခဲ့နော်...ဖျာ့

မနက်တွေ ညနေချင့်ပါနဲ့
ဖွေမလင့် ရှောင်တခင်
လှမ်းခဲ့ပါရှင်၊
ကြွတိုင်းဖြင့် တိုးလို့ကြင်
ဖုန်းသခင်လိုကျ၊
လုံကညာ
ထုံနံ့သာ ပါးမှာသွဲ့မယ်
လှမ်းခဲ့နော် ... ဖျာ့။

ရွှေသစ္စာ နှစ်ဖော်မွေ့တော့
ပျော်သရွေ့ ကမ်းမမြင်၊
ချစ်သွေးနီ ပါးဆီဝိုက်တော့
စုန်းကိုက်တယ်ထင်၊
စိမ်းနုနုရွက်သစ်ပင်
ပိုလို့လွင် ထင်မိ၊
နှုတ်ချိုချို ´အုတ်´ ပျိုပျို ကိုရွှေ `သြ´ က
`ချစ်ဇောတကယ်မွေ့ရင်
ခွဲလေ့မရှိ´ တဲ့။

ပန်းကြူကြူ ရောင်အသွေး
မောင်ရွေးဖို့ ချိုးမယ်ရှင်၊
မောင်မွှေးရာ မာလာနုကို
ယုယပွေ့ချင်၊
မောင့်လိပ်ပြာ ရွှင်ဖို့လျှင်
တောင်စဉ်က လေညင်း၊
ကြံကာစည် ဒဏ္ဏာရီပုံပြင်များနဲ့
မငြီးအောင် မောင့်အပါးက
ရွှေနားတော်သွင်း။

ကိုးတောင်သူ ရေမတွေ့
နွေအသွေ့ ပူတုန်းခါ၊
ဖုန်းကိုကို စကြာထောက်ရင်
မိုးပေါက်စွေရွာ၊
ရှိမ်းမခံ သံမပြီး
စစ်သူကြီး `ဓား´ ပမာ
`လွှား´`ကာ´ တွေပုံပေါ့။

တံခွန်သွင်
ခုနစ်စဉ် အမြီးထောင်မှ
မငြီးအောင် ချိုချိုတေးနဲ့
ချစ်ရေးကို နှုတ်မညှင်းတယ်
သွေးကြဉ်းမှာတော့်။

သစ်ပင်ကြို သစ်ပင်ကြားက
ချောက်ကမ်းပါး မိုးဘုံမြင်၊
ခံတုပ်အို မြေကိုပန်းလို့
သိုက်နန်းရှင် ခြေရာတွေ့အောင်
လိုက်၍ ရှာချင်၊
နားစွင့်လို့ လှိုင်းရေယဉ်
မိုးကြယ်စင် ရှုစား၊
နှစ်သက်အောင်
ချစ်လက်ဆောင် ဘာကိုမက်တယ်
မောင့်ဒါလီ သာကီသက်ကို
မေးမြွက်ပါလား။

အို...မောင်သာ နွဲ့နွဲ့မေးရင်
သဲ့သဲ့လေး ဖြေမယ်ရှင်၊
ထာဝစဉ် ချစ်ရွှင်ပြုံးလို့
သက်လုံးပုံ ယုံပါတော့
ချစ်တယ်နော့ ... ဟင်၊
ကြယ်သောက်ရှုး မြဝေဟင်
မှောင်ဝင်လို့ ကြွေလူး၊
ချစ်စိတ်ဖြာ
ရစ်လိပ်ပြာ နှစ်သွယ်ထုံးလို့
မဆုံးအောင် သံသာကြောမှာ
မျောစို့နှစ်ဦး` လို့။

အို ... မနက်တွေ ညနေချင့်ပါနဲ့
ဖွေမလင့် ရှောင်တစ်ခင်
လှမ်းပါခဲ့ရှင်၊
ကြွတိုင်းဖြင့် တိုးလို့ကြင်
ဖုန်းသခင်လိုကျ၊
လုံကညာ
ထုံနံ့သာ ပါးမှာသွဲ့မယ်
လှမ်းခဲ့နော်....ဖျာ့။

(အောင်သင်း)

Sunday, April 27, 2008

စိတ်ဓါတ်

ဖြစ်စရာရှိသည့်အတိုင်းပင် သင်ဖြစ်ရလိမ့်မည်။
မအောင်မြင်မှုက သူ၏အကြောင်းအရင်းကို
“ပတ်ဝန်းကျင်” ဆိုသည့်
အရေးမပါသော စကားလုံးမှာ ရှာဖွေကာ
နှစ်သိမ့်မှုပေးနေမည် ဖြစ်သော်လည်း
စိတ်ဓါတ်ကမူ
ယင်းကို မထေမဲ့မြင်ပြုကာ
လွတ်လပ်စွာပင် ရပ်တည်သည်။

သူသည် အချိန်ကာလကို စိုးမိုးသည်။
နေရာဌာနကိုလည်း အောင်နိုင်သည်။
ကံကြမ္မာတည်းဟူသော ၀င့်ကြွားတတ်သူ
လူလှည့်စားကို
ချိုးနှိမ် ငြိမ်ဝပ်စေသည်။
အခြေအနေ အကြောင်းခြင်းရာတည်းဟူသော
အာဏာရှင် ဘုရင်မင်းကို
သရဖူဖြုတ်ပယ်ကာ
အစေအပါးအဖြစ် ခစားစေသည်။

မသေဆုံးနိုင်သော နာမ်ဝိညာဉ်မှ ပေါက်ဖွားခဲ့သည့်
စိတ်ဓါတ်တည်းဟူသော
မမြင်ရသည့် စွမ်းအား၊
သည်စွမ်းအားသည်
ရည်မှန်းချက်ပန်းတိုင်သို့ သွားရာလမ်းတွင်
ကျောက်သားနံရံ ခြားထားသော်လည်း
ထွင်းဖောက်၍ သွားမည်ပင်။

ထို့ကြောင့် ဖြစ်လိုရာမဖြစ်သေးဘဲ
နှောင့်နှေးကြန့်ကြာနေသည့် ကာလမျိုးတွင်
နှေးကွေးလှဘိဟု
ညည်းညူမြည်တမ်းမှု မပြုပါနှင့်။
နားလည်သူပီသစွာ
စောင့်စည်း သည်းခံပါ။
စိတ်ဝိညာဉ် ကြိုးကြွနိုးထပြီး
အရာရာကို စီမံခန့်ခွဲပြီဆိုလျှင်
နတ်ဒေ၀တာများပါမကျန်
နာခံရန် အသင့်ရှိကြမည်သာပင်။


ဖေမြင့်
((သင့်စိတ်သင့်အတွေးအကြံများ အတိုင်းသာ))

Saturday, April 26, 2008

လက်တမ်းပုံပြင်

ရင်ကိုတောက်စားတတ်တဲ့ ဖဲပွင့်တွေ အကြောင်းက..စ..ရအောင်...

ချစ်တယ်.. ဆိုတာ.. တကယ်တော့ .. သေဆုံးခြင်း တဲ့

နားလည်သူတွေရဲ့ ခေါင်းတညိတ်ကိုပဲ လက်ခံမှာပါ..။

အနာဂတ်ဟာ ဘာအက္ခရာမှ ရေးထိုးမထားတဲ့ စာရွက်တစ်ရွက်မှ မဟုတ်ပဲ..

ခဲဖျက်ဆိုတာကလည်း ငယ်တုန်းပဲ အသုံးဝင်တာ..။

မသေချာဘူးဆိုတဲ့ လူတွေကို ပြုံးပြုံးကြည့်ရင်း..

မျက်နှာကြောတွေတောင် တင်းလာလိုက်တာ..

ကမ္ဘာဦးကျမ်းကြီးတောင် မြွေတစ်ကောင်နဲ့ အကြီးအကျယ်ပြသနာတက်လို့

ငါတို့ နောက်ဆုတ်ကြပါတော့လား

ကိုယ့်ကိုယ်ကို ပြောတာတောင် ကြားအောင်မပြောရဲတဲ့နောက်..

ချောက်ကမ်းပါးဆိုတာလည်း ဂန္တ၀င်ဂီတတစ်ပါးပဲပေါ့..။

တစ်ခုပဲ.. တစ်ခုပဲ..

ဒီနေ့ထိ.. လူတွေအယူလွဲနေတဲ့ အချစ်အကြောင်းစစ်စစ်ကို

ဘယ်လိုလူကမှ သေချာမသိလေတော့..

လက်တမ်းပုံပြင်တွေ.. တလေတလွင့်.. ရေပန်းစားကျန်ခဲ့တာ.. မဆန်းပါဘူး..။

Friday, April 25, 2008

ကြေးစား

အဲဒါ ..
မနေ့ကတင် ဖြစ်ခဲ့တာပါ
ကြေကွဲခြင်းဆိုတဲ့ နတ်သမီးတစ်ပါးက
ငါနဲ့လက်ထပ်မလား..လို့ ကမ်းလှမ်းလာတယ် ..
ငါ့ကို လာကြိုတဲ့ ဖယ်ရီကားကလည်း
ငါမပါဘဲ ထွက်ခွါသွားခဲ့ပြီ ..
ကျေးဇူးပြုပြီး ငါ့ကို ခပ်တိုးတိုး ရီ(ရယ်)ခွင့်ပြုပါ။

(၂)
ရေကန်က အသင့်ဖြစ်နေပြီလေ ..
ကြာ တွေက မပွင့်သေးတာပါ။
မေးခွန်းကိုသာ ရွေးချယ်ခွင့်ရမယ့်ဆိုရင်
ငါလည်း စာမေးပွဲဝင်ဖြေချင်တယ်..။

(၃)
တစ်ချို့လူတွေက ရှာဖွေတွေ့ရှိကြ
တစ်ချို့လူတွေက ကောက်ရကြ
တစ်ချို့လူတွေက စုဆောင်းကြ..
တစ်ချို့လူတွေက ရှေကဆက်လျှောက်ကြ။
အားလုံးမှာ တံခါးနှစ်ပေါက်စီရှိတယ်၊ .. လှေခါး နှစ်စင်စီရှိတယ်၊
(ထပ်ပြောလိုက်ဦးမယ်..)
အားလုံးရဲ့ နာရေးခရီးကိုလည်း
နှစ်မျိုးနှစ်စား စီစဉ်ထားပြီးသား ရှိတယ် ..။

(၃)
ငါက
အမှန်တရားရဲ့ မျက်နှာကို တစ်ရွာထင်ခဲ့သူပါ ..။

(၄)
ကလေးဘ၀ ..
လက်ရေးလှ စာအုပ်ထဲက ၀လုံးရွဲ့စောင်းစောင်းလေး ကို
နဂါးခေါင်းလှည့်တဲ့ နေရာ တည့်တည့်မှာမှ
ငါ ချရေးခဲ့မိသလား မပြောတတ်ပါဘူး။

(၅)
စိတ်ကူး ကျဉ်းကျဉ်းလေးထဲမှာမှ
ခြေလှမ်းတွေက ကျဲခဲ့တယ်..
ဘာတတ်နိုင်မှာလဲ ..
ဒါ.. 'ချိန်းဆိုချက်' တစ်ခုပါ
ငါ ရောက်အောင် လာခဲ့တယ် ..
ဘယ်သူ့မျက်နှာကိုမှာ လျှာနဲ့လျက်ဘို့မဟုတ်
ငါ့ အလုပ်က
လမ်းမှာ တွေ့ရသမျှ မီးအိမ်တွေကို
လိုက်လံ ထွန်းညှိဘို့ပါပဲ..။

(၆)
လူတွေ.. လူတွေ.. လမ်းလျှောက်ရင်း သေနေကြ
မြင်မြင်သမျှ အရာအားလုံးဟာ
သားဆိုမအေ ဆန်လို့၊
ဘာဖြစ်တာလဲ.. ဘာဖြစ်တာလဲ..
အဲဒါ ဘာဖြစ်နေကြတာလဲ..
အမေးအမြန်းထူတဲ့ ကလေးတစ်ယောက်လို
ငါ.. စပ်စုမိ။
နောက် တစ်နာရီလောက်အထိ ဖြစ်ဖြစ်တော့
လူတန်းစေ့အောင် အသက်ရှူလိုက်ကြစမ်းပါ..
ဘာကို စိုးရိမ်နေကြတာလဲ..
ဟစ်တလာတောင်မှ သူ့ရဲ့ စစ်ပွဲခရာကို
ခုထိ မမှုတ်ရသေးဘူးလေ..
ဒုတိယကမ္ဘာစစ်မဖြစ်ခင်
မိနစ်(၆၀)လောက်တော့
ငါတို့ ကော်ဖီသောက်ချိန်ရပါသေးတယ်။

(၇)
မိုးခေါင်သလိုမျိုး ဆောင်းကကော မခေါင်နိုင်တော့ဘူးတဲ့လား
တစ်ခါတစ်ရံ
ငါ.. ကြေးစားဆန်ပစ်လိုက်တယ်
ကံကြမ္မာက ဘုရားထူးတာ ခံကြည့်ဖူးချင်လို့ ..။
ဒါပေမယ့် ..
အိပ်ယာကသာ အကြိမ်ကြိမ် ထခဲ့ရတယ်
နိုဝင်ဘာကတော့ ရောက်မလာခဲ့ဘူး၊
အဲဒီလို.. သိပ်အကြောင်းမထူးတဲ့အခါ
ကြေးစားဘ၀ကို ငါ ငြီးငွေ့လာပြန်ရော.. ။
အရှုံးတွေကို
တံဆိပ်ခေါင်းလို တယုတယ
စုနေခဲ့တုန်းကတော့
ရာသီဥတုက ကိုယ့်ဖက်ပါခဲ့တယ်..
ကြည့်စမ်း.......
ငါဟာ မိမွေးတိုင်း ဖမွေးတိုင်းကိုက
လွမ်းသူ့ပန်းခွေဆန်ခဲ့ရတဲ့ကောင်ပါ။

(၈)
ဘ၀ပေးပြီး ရွေးရမယ်.. တဲ့
နိုဝင်ဘာရဲ့ ကြေးက ကြီးတယ်..
(လဲပြီးသေလိုက်ကြပါလား အမျိုးကောင်းသားတို့ရေ..)
''အမှန်တရား'' ဆိုတဲ့ ငနဲကလည်း
ပြဇာတ်မင်းသား ဆန်နေလိုက်တာ..
သူ့ကို လူပြောသူပြောများတာ တစ်ခုတည်းနဲ့ပဲ
အကျေနပ်ကြီး ကျေနပ်
ကိစ္စပြတ် နေတော့တာပဲ။

(၉)
နာကျည်းစရာ မကောင်းပါဘူး..
ပျင်းစရာပဲ ကောင်းနေသေးတော့ရဲ့..။

(၁၀)
ငါ့ မွေးနေ့ကို ခရီးဦးကြိုပြုဘို့မလို
ငါ့ ဈာပနကိုလည်း ကျင်းတူးပေးဘို့ အကြောင်းမရှိ
ငါ့မျက်လုံးတွေ ပျင်းရိပျင်းတွဲ အေးစက်တတ်ဘို့နဲ့
သွေးမပျက်တတ်သူတွေသာ
နောက်ဆုံးမှာ အသက်ရှင်ကျန်မယ့် အကြောင်း
ကြေးစားဘ၀က
ငါ့ကို ကောင်းကောင်းသင်ကြားပေးခဲ့ပြီ..။

(၁၁)
မီးကုန်ယမ်းကုန် အိပ်စက်ခဲ့တာတောင်မှ
အိပ်မက်တွေက မစို့မပို့နဲ့ ကောင်..။
(ကိုယ့်ကိုယ်ကိုယ် လှောင်တာတော့ မဟုတ်ဘူး၊
ဒါပေမယ့်..)
အသံထွက်အောင်ကို ငါ ရယ်လိုက်မိတော့တယ် ..

(၁၂)
ငါ .. ပုံပျက်ပန်းပျက်
ငါ .. ပြောင်းတိပြောင်းဆန်
ငါ .. ကျွမ်းထိုးမှောက်ခုံ
အဲဒီလိုဖြစ်နေတဲ့ ငါ့ပုံကို
ကော်ဖီခါးခါးတစ်ခွက်ငုံလို့ ငါထိုင်ကြည့်
ပုခုံးလေးတောင် တွန့်ပြခဲ့မိသေးတယ်။

(၁၃)
နိုဝင်ဘာနဲ့တူတဲ့ ကောင်မလေးရေ..
မင်းရဲ့အနမ်းတွေကို
စာချုပ်စာတမ်းနဲ့ မွေးစားချင်တယ် ..
မင်းဘက်က အဆင်သင့်ဖြစ်ရင်
အကြောင်းကြားလိုက်ပါ၊
ငါစီးမယ့်ရထားက
ပြဿဒါးနေ့မှ ထွက်မှာ ဖြစ်ပါတယ်။

Wednesday, April 23, 2008

ရင်ဖွင့်ပြချင်တယ်



ရင်ဖွင့်ပြချင်တယ်....
နင်မသိခဲ့တဲ့ ငါ့ရဲ့ အချစ်တွေအကြောင်း...
နင်..ပျင်းရင် ဖတ်ဖို့...
ပုံပြင်ဟောင်းလေးပေါ့........။

ရင်ဖွင့်ပြချင်တယ်....
နင်မသိခဲ့တဲ့ ငါ့ရဲ့ အလွမ်းတွေအကြောင်း....
နင်..နားထောင်ဖို့....
သီချင်းဟောင်းလေးပေါ့.........။

ရင်ဖွင့်ပြချင်တယ်.....
နင်မသိခဲ့တဲ့ ငါ့ရဲ့ နာကျင်ခြင်းတွေအကြောင်း...
နင်..ရယ်မောဖို့....
ဟာသဟောင်းလေးပေါ့.................။

ရင်ဖွင့်ပြချင်တယ်....
နင်မသိခဲ့တဲ့ ငါ့ရဲ့ ၀မ်းနည်းမှုတွေအကြောင်း...
နင်..အေးချမ်းဖို့....
မျက်ရည်စမ်းချောင်းလေးပေါ့..............။

Tuesday, April 22, 2008

ဘုရင်ရဲ့ လျှို့ဝှက်ချက်

((အီးမေးလ်မှာ ဖတ်လိုက်ရတဲ့ စာလေးတစ်ပုဒ်ကို ကြိုက်လို့ တင်ပေးလိုက်ပါတယ်))

တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။

နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။
"အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ"

"မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်"

"ဘာကျေးဇူးများလဲ"

"မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ"

"အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး"

"ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်"

နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။

ပိုးဖလံတစ်ကောင်က "တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား" လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က "စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား"

"ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့ တောင် တော်မလုပ်နိုင်တော့ဘူးလား"

"အစားပဲရှိပြီ အလှုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်း သွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို သေကြောင်းကြံတာလား"

ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။

ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။

"ဘေးဖယ် ရှင်မရေ.."

"ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား"

"ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့"

"အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ"

"ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ်စမ်းပါ"

"မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား"

အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။ "တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ" ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။

အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက "ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး" ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။

ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ "ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်" ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။

"ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ"
"လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ"
"ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်"
"ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း"

"ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေ တယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့ စမ်းကြည့်တာ"

"ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..? ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့"

ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး "ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိဥာဏ်လောက် တောင် မရှိပါလား" လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။

မိဖုရားကိုတွေ့တော့ ဘုရင်က"နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်"

"ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ"

"စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်"

ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။

"လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ"
"ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး"
ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။

***********************************
"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။

အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။

လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?

စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?

လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ....
"တန်ဖိုးထား မြတ်နိုးပါ"

တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး" တဲ့.....

Monday, April 21, 2008

ချစ်သူသစ်ပင်



လွင့်ကြွေကျဖို့တော့
ပွင့်မနေပါရစေနှင့်ဘုရား။

သူချိုးနိုင်ဖို့ အခက်ဝေ
သူနေခိုဖို့ အရိပ်ပေး
သူ့ဘ၀မှာ အပူတွေဝေးစေဖို့
အစတေးခံနေ...နေလို့ရဲ့
သပြေပင်အိုဘ၀နဲ့
(တပည့်တော်)ရှင်ရပါစေသား။

မောင်စိန်ဝင်း (ပုတီးကုန်း)

Tuesday, April 8, 2008

ကာလနဂါး

အရေးတကြီး နိုးထစရာမလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ ..။

'ဘ၀..' ဆိုတာနဲ့ ဘာလို့ 'ရှင်သန်ခြင်း..'လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ
ငါကတော့ အိပ်နေရတာကိုပဲ .. ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့..
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမ ရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး ၊
ကျေးဇူးပြုပြီး .. ငါ့ကို
'စောက်ရူး..' လို့ ခေါ်ပါ ။

မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေးနှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော .. ငါ ဘယ်လောက်လိမ္မာတဲ့ ကောင်လဲကွယ် .. ၊
ဟောဒီ .. စောက်ရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ် ။

ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဘို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့ အုတ်ဂူကိုလည်း မင်းတို့
အလေးပြုဘို့ အကြောင်းမရှိပေဘူး ။

အို ... မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ ..
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဘို့အတွက်
တံတွေးခွက်ကြီးကြီးလိုက်ရှာကြ၊
ငါကတော့
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် .. ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။

နိုင်ငံကျော်တွေအားလုံးကို .. သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမ၀ခဲ့ကြပါဘူး ။

မင်းခိုက်စိုးစန်

Tuesday, March 18, 2008

ပြောခဲ့ဖူးတဲ့ စကားတွေကို ပြန်သတိရမိတယ်...
အဲဒိတုန်းကတော့ မက ကျွန်တော့်ဘေးမှာလေ...
တကယ်ဆို မနိုင်ဝန်ထမ်းခဲ့မိတဲ့ ကျွန်တော်...
အခုတော့ ယောင်ချာချာနဲ့ပေါ့။

မပြောဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို စဉ်းစားမိတယ်...
အခုတော့ ဘေးကခုံလေးလဲ အထီးကျန်လို့...
ကျွန်တော့်အစား ဥသြငှက်တောင် ငိုနေပြီ...
ရင်ထဲ ဟာတာတာနဲ့ပေါ့။

ရည်မှန်းချက်ကိုယ်စီနဲ့ ခွဲခဲ့ကြရတဲ့နောက်
ဘယ်အချိန်ပြန်ဆုံမယ်ကိုတောင် မသိနိုင်တဲ့ဘ၀မှာ
လမိုက်ညတွေ ပိုလို့ မှောင်နေပြီ။

နေကြာပန်းတွေ နေရောင်ကို တမ်းတလို့
လိုက်ကြည့်နေသလိုပဲ
ကျွန်တော်လဲ မမှီတဲ့ ပန်းတိုင်ကို
ရောက်အောင် သွားနေတာလား...
မ တစ်ဆိတ်လောက် ပြောခဲ့ပေးပါ။

အခုတော့ တစ်ယောက်ထဲ...

သစ်ရွက်ကြွေလဲ မဆွေးနိုင်ခဲ့ပါဘူး...
မိုးတွေဆွေလဲ မငေးနိုင်ခဲ့ပါဘူး...
နှင်းတွေဝေလဲ မအေးနိုင်ခဲ့ပါဘူး...

ရင်ထဲမှာတော့ တိမ်တွေ ပြိုနေပြီ။

((deathmetalster))
myanmar cupid မှ ကူးယူဖော်ပြပါသည်

Friday, March 14, 2008

ခေတ်သစ် သီတာ ( featuring: ဒီလူ )

( မောင်တော် ရာမ ..
ရှင် အစွမ်းမပြနဲ့ ပင်ပန်းလှမယ် တဲ့ လေ . . )

ရွှေသမင်ပျိုကို
ကိုယ်တိုင် လိုက်ဖမ်းနေတဲ့
မယ်သီတာ . . ။

လာမြှားတဲ့ ဂမ္ဘီတောင်
(သမင်ယောင် ဆောင်ရာက)
အူကြောင်ကြောင် အလျှော့ပေး
အဝေးကို လန့်ပြေးမိလေရဲ့  . . ။

-လာစမ်းဟဲ့ ရွှေသမင် -
-ဒီတောထဲ အလှဆုံးဖြစ်ချင်ရင် -
-နင်လား ငါလား - ဆိုလို့
အစိမ်းလိုက် ၀ါးစားမယ့် ရုပ်နဲ့
တကယ့် အာဂ စရိုက် ပါလား . . ။

-အား - ခနဲ အော်ရင်း
မင်း ဒဿဂီရိ တောင်
သီတင်း ဆယ့်တစ်ပတ် တိတိ
အဖျားမိပြီး ယောင်တယ် . .
-ရာမကောင် ခမျာ -
-သနားစရာပါ - တဲ့ လေ . . . ။


ဆရာဒီလူ့ (အဆက်)လက်ရာ >>

ဒီလိုနဲ့
ဒွါဒသမသီတင်းပတ်
ဦးဒဿကြီး နာလန်ထတော့
သတင်းစာနဲ့ ရုပ်သံတွေကနေ
(ကြေကြေကွဲကွဲ)
သူ ကိုယ်တိုင်ပဲ မိန့်ခွန်းပြောလာတယ်...
“အခုအချိန်ကစ
ငါကိုယ်တိုင် ဘီလူးမင်းရာထူးက ရီးဇိုင်းလုပ်
ရှိသမျှ ခေါင်းဆယ်လုံးကိုလည်း ဖြုတ်လို့
မိသီတာကိုပဲ ထုတ်ပေးလိုက်တော့မယ်ဗျာ”တဲ့လေ...

အဲဒီအချိန်ကစလို့
မယ်သီတာလည်း
ခေါင်းတွေ အများကြီးနဲ့ ဖြစ်လာ...

၁။ ပထမခေါင်းကို အစိုင်းမန့်လုပ်ရာမှာ သုံးတယ်
၂။ ဒုတိယခေါင်းကို ပရောဂျက်အတွက် သုံးတယ်
၃။ တတိယခေါင်းကို ပုံဆွဲဖို့ သုံးတယ်
၎။ စတုတ္ထခေါင်းကို စာဖတ်ဖို့ သုံးတယ်
၅။ ပဉ္စမခေါင်းကို စာမေးပွဲအတွက်
၆။ ဆဌမခေါင်းကို ဘလော့ဂ်ဒီဇိုင်းရေးဖို့
၇။ သတ္တမခေါင်းကို ပန်းချီဆွဲဖို့
၈။ အဌမခေါင်းကို ကဗျာရေးဖို့
၉။ န၀မခေါင်းကို ဂျီတော့ခ်ဖို့နဲ့
၁၀။ ဒသမခေါင်းကိုတော့ (ဘာအတွက် ချန်ထားလည်းတော့ မသိ)
တစ်ခါမှ ထုတ်မသုံးရသေးဘူးတဲ့။

"အား " ခနဲ နောက်တစ်ခါ ထပ်အော်ရင်း
မင်း ဒဿဂီရိ
နောက်ထပ်သီတင်း ဆယ့်တစ်ပတ်တိတိ
အဖျားမိပြီး ထပ်ယောင်ပြန်တယ် . . .
“ရာမကောင်ခမျာ တကယ်ကို သနားစရာပါ”တဲ့လေ။ ။ < <

(( မရွှန်းမီရဲ့ ဘလော့ခ်မှ ကူးယူဖော်ပြပါသည်))

Wednesday, March 12, 2008

ထားခဲ့ပါ

ထားခဲ့ပါ...
ကိုယ်ဘာဖြစ်ဖြစ်
စိတ်မညစ်နဲ့
မင်းဘ၀လေး..လှပါစေ........။

ထားခဲ့ပါ...
မင်းပျော်မယ်ဆို
ကိုယ်ပါပျော်လို့
တစ်ယောက်ထဲလဲ...နေရဲတယ်........။

ထားခဲ့ပါကွယ်.....
ကိုယ့်ဘ၀ ခရောင်းလမ်း
ဆူးငြှောင့်လွှမ်းလို့
ပန်းခင်းလမ်းပဲ...ဆက်လျှောက်ပါ.........။

Thursday, March 6, 2008

တို့ရဲ့..အင်တာနက်


ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းဆိုး ဂျပိုးထိုးဘက်တို့လေ...

(၁)
နေ့ Chat ည Chat...
မနက် Chat နှင့်
Chat ပြီးရင်းသာ Chat ချင်ပါလည်း
Connection မကောင်း၊ Server ဒေါင်းသည်..
ကျွန်ုပ်တို့၏ ဒုက္ခတည်း...။

(၂)
ဝေးမြေခြားတဲ့၊ ချစ်သက်ထားဆီ
စာလွှာပါးရန် mail ဖွင့်ပြန်တော့
ဟို ဘမ်း ဒီဘမ်း..အကုန်ဘမ်းသည်..
Free mail မရ၊ တို့ဒုက္ခ

(၃)

Plannet, Bagan သင်တို့ထံတွင်
ကျွန်ုပ်အရေး ၀င်ဆွေးနွေးသော်
Morderator တော်ရှာပါသည်..
ဘယ်ခါမရောက်၊ Topic အောက်..။

(၄)
Yahoo, MSN Messenger ပြန်လည်း
သုံးခွင့်မပေး၊ ကျွန်ုပ်မေးမည်
အလှကြည့်ရုံ လုပ်သလား...။

(၅)
တခါတရံ၊ ပင်ပမ်းပြန်လို့
အချိန်မနှေး Chat ကိုပြေးသော်၊
Chatroom အရှင် “ကိုကိုလွင်” က
Maintenance ရန် Chat ပိတ်ပြန်သည်၊
တစ်လ ကိုးသီတင်း ကြာသတည်း..။

(၆)
သြော်....
ရွှေပြည်သစ်ဆီ၊ ဒို့လှမ်းချီလို့
နိုင်ငံတကာ၊ ကမ္ဘာရွာတွင်
နောက်မကျအောင်၊ တို့စွမ်းဆောင်မည်
နောင်ထောင်စုနှစ် ရောက်ကာမှ...။

(ကဗျာအမျိုးအစား ="အိုင်ချင်း”၊ ရေးသူ = “အမည်မသိခေတ်စာဆို”)

မြန်မာချက်... အမှတ်တရ.. ပြန်လည်ဖော်ပြပါသည်..၊

Monday, March 3, 2008

အညာ လစ်(စ်)

သိမ်ကြီးဈေးက နာရီစင်က ငါ့ကို ညာတယ်
တရားရုံးချုပ်ပေါ်က နာရီက ငါ့ကို ညာတယ်
ဗိုလ်အောင်ကျော်လမ်းက ပိတောက်ပင်က ငါ့ကို ညာတယ်
Tower အောက်က ဓါတ်လှေကားက ငါ့ကို ညာတယ်
အိမ်ရှေ့မှာလာသာတဲ့ ကျီးက ငါ့ကို ညာတယ်
မနက်တိုင်းအော်နေကျ ပဲပြုတ်သယ် က ငါ့ကို ညာတယ်
မြည်နေကျ ဖုန်း ringtone က ငါ့ကို ညာတယ်
မချစ်ရဘူးပြောတဲ့မင်းလဲ ငါ့ကို ညာတယ်
ကင်မရာထဲက Focus က ငါ့ကို ညာတယ်
မိုးလေ၀သ သတင်းတွေ ငါ့ကို ညာတယ်
တီဗီအစီအစဉ်တွေ ငါ့ကို ညာတယ်
လေယာဉ်ကွင်းက နာရီက ငါ့ကို ညာတယ်
မန္တလေး ဘီယာ တွေ ငါ့ကို ညာတယ်
၁၉လမ်းက ကောင်မလေးတွေ ငါ့ကို ညာတယ်
မနက်မနက် အခန်းအပြင်က ငှက်စုတ်တွေ ငါ့ကို ညာတယ်
နမ်းမယ်ပြောပြီး မနမ်းတဲ့ မင်း ငါ့ကို ညာတယ်
ဒေါ်လှဌေးအောင် ငါ့ကို ညာတယ်
မြန်မာနိုင်ငံ က ငါ့ကို ညာတယ်
ရွှေတိဂုံအရှေ့ဘက်မုတ်ဦး က ခြင်္သေ့နှစ်ကောင် ငါ့ကို ညာတယ်
ဦးဝိစာရအ၀ိုင်းက ငါ့ကို ညာတယ်
ဂျက်ဆင်ထိပ်က ကျီးကန်းက ငါ့ကို ညာတယ်
ကန်ဘောင်ပေါ်က စုံတွဲတွေ ငါ့ကို ညာတယ်
ဇက်ရှဲရှယ်ယာ တွေ ငါ့ကို ညာတယ်
ပက်စ်ဝေါ့တွေ ငါ့ကို ညာတယ်
အရာရာ က ငါ့ကို ညာတယ်
ဗိုင်းရပ်စ်လဲ ငါ့ကို ညာတယ်
မိန်းကလေးလဲ ညာတယ်
မင်းတို့လဲ ညာတယ်
အခုရေးနေတဲ့ ကဗျာလဲ ညာတယ်

ပြီးတော့ . . .
မင်းကို ငါညာတယ် . .။


nelay

Friday, February 29, 2008


ပြုံးပြတတ်တဲ့လူချင်းအတူတူ
မ အပြုံးက သန့်ရှင်းတယ်


စကားပြောတတ်တဲ့ လူချင်းအတူတူ
မ စကားက နှလုံးသားမှာ အားရှိတယ်


ဆုံးမတတ်တဲ့လူချင်းအတူတူ
မ ဆုံးမစကား
ကျွန်တော့်အမှားတွေကို နည်းပါးစေတယ်

ဟိုကဗျာလေးထဲကလိုပဲ

လူဆိုး
လူမိုက်
အမေ့သား
မမ စိတ်ဆိုးပြလိုက်မှ
လိမ္မာရေးခြားရှိသွားတယ် . . . .


((ထူးအောင်))

မ . . . . . သို့

မ...
နှလုံးသား ယုံကြည်ချက်တွေကို
သေမိန့်တွေ အဖန်ဖန်ချပြီး
ကျွန်တော် တားဆီးနှောင်ဖွဲ့ခဲ့ပေမယ့်
တစ်ခါတလေ
စိတ်အနေစိတ်အတွေးက လွင့်ပါးသွားကာ
ဝေ့ကာဝဲကာ မ အနားမှာ

မ . . .
မာဟာကွန်ယက်ထဲ
အသည်းကွဲဇာတ်လမ်း ပြကွက်ဆန်းတွေထွင်ပြီး
ကျွန်တော့်ကို ဒဏ်ရာတွေ ပေးခဲ့ပေမယ့်
ခွင့်လွှတ်လေအပြုံး ကြည်ဖြူစေနှလုံးနဲ့
ရင်နာလည်း အပြုံးတစ်ပွင့်ကတော့
မ အတွက် အမြဲတမ်းရှိတယ်

မ . . .
အသည်းကိုစား ဘ၀ကိုနင်းသွားလို့
အသွေးအသားနဲ့ ကစားရမှ
မ က ကျေနပ်မယ်ဆိုရင်
ကျွန်တော်ပင်လျင်
ပန်းတစ်ပွင့်အဖြစ်နဲ့
မ ရဲ့ အစေကိုခံချင်ပါရဲ့

((ထူးအောင်))

မမနတ်သမီး

ဘာမှ မဟုတ်ပါဘူး
ရင်ထဲက လိပ်ပြာတစ်ကောင်
အတောင်ဆန့်ကြည့်လိုက်တာပါ

ဝဲပျံရခက် ငြိတွယ်မှုသက်သက်နဲ့
ဟော့ဒီရင်ဘတ်ထဲက
ဘာမှ ထွက်ကျလာမှာ မဟုတ်ဘူး

ချစ်တယ်ဆိုတာထက်ပိုပြီး
ဖွဖွလေး မြတ်နိုးနေတာပါ
စကဒ်ရင်ကွဲတွေ
ကာလာရောင်စုံတွေ ကင်းပ

မ . . .
မတ်တတ်ထလိုက်တိုင်း
ဟော့ဒီရင်ဘတ်ထဲမှာ လှိုင်းခတ်သွားတာ
မ . ရဲ့
ဆံပင်ရှည်တွေကြောင့်ပါ

ဂျနီဖာလိုပက်ထက်ပိုပြီးလှတယ်
မက်ဒေါနားလို ညှိ့အားတွေ ရှိနေဖို့ မလိုပါဘူး
မ . . နဲ့
တစ်ရက်တစ်မနက်လောက် ဝေးကွာနေတဲ့အခါမှာ
အလွမ်းတွေထမ်းပိုးထားရတာ ပင်ပန်းလိုက်တာဗျာ

မ . အပြုံးကို မြင်လိုက်တဲ့အခါမှာ
လွမ်းဝန်ပိနေသမျှ ခုန်ပျံထပြီး လန်းဆန်းသွားတယ်

မ . . .
= ညီမျှခြင်း
ငြိမ်းချမ်းခြင်း တမန်တော်
စိမ်းလန်းရေး နတ်သမီး . . . ။


((ထူးအောင်))

မ . . . ရေ

မ . . . မရှိတဲ့လမ်း

အကွပ်မရှိတဲ့ ကြမ်းလိုပဲ

ပရမ်းပတာနဲ့

လွမ်းစရာကောင်းလိုက်တာ .. . . ။

((ထူးအောင်))

မ နဲ့ ပတ်သက်ရင်

လိုချင်ခဲ့တာ အိုအေစစ်

ရရှိခဲ့တာ နွေကန္တာ

တမ်းတခဲ့တာ
မေတ္တာရင်း

အမှန်မှာ သစ္စာယွင်းလို့

မက်မောခဲ့တာ အကြင်နာ

ရရှိခဲ့တာ ရင်ဗလာနဲ့

မြတ်နိုးခဲ့တာ ရင်တွင်းစကား

ကြုံရတော့ မုသားများသာ

ကဲ . . . ဘယ်မှာလဲ ချစ်ခြင်းမေတ္တာ


((ထူးအောင်))

ကြွေတဲ့...လမ်း

မင်းပြုံးရင်...ပျော်တယ်
မင်းမုန်းရင်...ငိုမယ်။
မင်း,ထားခဲ့တဲ့အခါ
ခွေယိုင်ညွှတ်ကျ
မထူမ,နိုင်။

မပြိုင်ဘဲ...ရှုံး
တစ်ကိုယ်လုံး...ကြွေ...
ငါ့ခန္ဓာ မြေမှာ...ပြိုကျ၊
မင်း....လိုမှ
ချိုမြစွာပြုံး၊
ကောက်ယူသုံးစွဲပါဦး
ငါ့॥အချစ်ဆုံးရေ.....။

ပြန်ကောက်ယူတဲ့အခါ
ကြေမွနေတဲ့...ငါ့နှလုံးသား
မင်းအတွက်,
ပန်းကုံးများပါကွယ်။ ။

မောင်လှမျိုး (ချင်းချောင်းခြံ)

Monday, February 25, 2008

မောင်လေးဖတ်ဖို့

အိပ်ချင်မူးတူးနဲ့ နိုးထလာတဲ့ ၅-နှစ်အရွယ် ကောင်မလေးတစ်ယောက်က သူ့မေမေကို မတွေ့လို့ သူ့အဖွားကို မေးတယ်. . . ။ အမေကြီး သမီးအမေရောတဲ့ . . . ။ သူ့အဖွားက ပြောတယ် . . .။ သမီး မေမေက သမီးအတွက် မောင်လေးတစ်ယောက်ကို မွေးပေးနေတယ်တဲ့ . . . ။
မှတ်မှတ်ရရ ဧပြီလမှာ မမအတွက် ဘုရားသခင်က လက်ဆောင်အဖြစ်ပေးလိုက်တဲ့ မောင်လေးတစ်ယောက် လူ့ပြည်ကိုရောက်လာခဲ့တယ်လေ .။ အသားဖြူဖြူ၊ ၀၀ ကစ်ကစ် ချစ်စဖွယ် ကလေးပေါက်စလေးကို ချစ်လိုက်ရ . . .နမ်းလိုက်ရတာ . . . အမောပါပဲ . . . ။

အံ့သြစရာကောင်းတာတစ်ခုက မမက သူ့မောင်လေးအတွက် ကြိုတင်ပေးထားတဲ့ နာမည်လေးက သူ့မောင်လေးနဲ့ နေ့သင့်နံသင့်ဖြစ်နေခဲ့လို့ လူကြီးတွေက ဒီနာမည်ကိုပဲ အတည်ပြု ပေးလိုက်တယ်လေ . . .။
နောက်လေး၊ ငါးနှစ်လောက်မှာတော့ တူတူကစား၊ တူတူရန်ဖြစ်၊ တစ်ခါတစ်ခါမှာ ပျော်စရာကောင်းသလောက်၊ တစ်ခါတစ်ခါမှာတော့ ကောင်ဆိုးလေးကြောင့် စိတ်ညစ်ရတယ်။ ကောင်ဆိုးလေးက တော်တော်ဆိုးတာကိုး . . ။ မိသားစု ထမင်းဝိုင်းမှာ တစ်ချိန်လုံး . . . မမ . . ရေခပ်ပေး . . . မမ . . ရေခပ်ပေး လို့ အမြဲအော်တတ်တယ် . . ။ နင့်ဘာသာ ခပ်ပါလားဆိုရင် ငါလေးတန်းရောက်ရင် ခပ်မှာပေါ့လို့ အမြဲပြန်ပြောတတ်တယ် . . .။

ညစ်ကျယ်ကျယ်၊ ဂျစ်ကန်ကန်ကောင်လေးက မိဘတွေကို စိတ်ညစ်အောင်လည်း တစ်ခါတစ်ခါ လုပ်တတ်သေးတယ်॥။ သူများနဲ့ရန်ဖြစ်ပြီး အိမ်ကို အော်အော်ငိုပြီးပြန်လာတတ်တယ်။ သူ့သူငယ်ချင်းတွေနဲ့ မမကရန်ဖြစ်ရတာလည်းအမော...။ သူဝယ်ခိုင်းတာကိုမ၀ယ်ပေးရင်လည်း သူ့သူငယ်ချင်းတွေကိုကြွားထားမိလို့ အရှက်ကွဲရပါတော့မယ် ၀ယ်ပေးပါတဲ့။ ချည်ပြီးတုတ်ပြီး ပြောတတ်သေး...။ ညဘက်ကို မုန့်ဝယ်ကျွေးခိုင်းလွန်းလို့ နောက်တစ်ခါ မ၀ယ်ခိုင်းတော့ပါဘူးလို့ လက်မှတ်ထိုးပြီး ၀န်ခံကတိပေးရတာလည်း ခဏခဏ । . . .။

မောင်လေးရေ . . . .

ငါ့ဘ၀မှာ နင့်ကို အမှတ်အရဆုံးက . . . ငါ ဒုတိယနှစ် စာမေးပွဲမှာ ၁၆-မှတ်တန် တစ်ပုဒ်ကို မှားဖြေလာလို့ စိတ်ဆင်းရဲနေတုန်းမှာ နင်ပြောတဲ့ စကားလေးတွေပဲ . . .။ အမလေး . . . ၁၆-မှတ်မရတော့ ဘာဖြစ်လဲ . . . ၈၄-မှတ်ကြီးများတောင် ကျန်သေး . . . ငါ့အမ ဂုဏ်ထူး အေးဆေးရတယ် . . .။ ငါ့အမပဲ ပထမရမှာ . . . စိတ်မညစ်နဲ့ဆက်ကြိုးစားတဲ့..။ နင်အားပေးလို့ ကျန်တဲ့ဘာသာတွေမှာ ကောင်းကောင်းဆက်ဖြေနိုင်ခဲ့တာလေ။

ပြီးတော့ တတိယနှစ် (ဂုဏ်ထူးတန်း) ဖြေနေတုန်း ငါက လောဘတကြီးနဲ့ စာတွေကို ကျက်..။ ပြီးတော့ ကိုယ့်ဘာသာ အားမရလို့ ငို . . . ။ ညဘက် ၁၂း၀၀ နာရီလောက်အထိ ဗြောင်းဆန်နေတာလေ . . .။ လူတစ်ကာ အိပ်ပျော်နေတဲ့အချိန်မှာ နင်က မအိပ်သေးဘူး . . .။ ငါစာကျက်တာကို ထိုင်စောင့်ပေးနေတယ်လေ . . .။ အိပ်တော့လို့ ပြောလဲ မအိပ်ဘူး . . .။ နင်အိပ်လိုက်ရင် ငါက ဒီညမှာ အိပ်တော့မှာ မဟုတ်ဘူးတဲ့ . . .။ ဒီညမအိပ်ရင် မနက်ဖြန်မနက် စာမေးပွဲမှာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူးတဲ့ . . .။ အရမ်းအိပ်ချင်နေတဲ့ မျက်လုံးကို အတင်းဖြဲရဲ ပြီး ငါ့ကို စောင့်နေတာ . . .။ မမ . . . ငါမအိပ်ဘူးနော် . . .။ ငါလုံးဝ မအိပ်ဘူးနော် ဆိုပြီး . . . အိပ်ချင်မူးတူး အသံနဲ့ ပြောနေတာကိုလည်း ငါအခုအထိ ကြားနေတုန်းပါပဲ . . .။

မောင်လေး လောကရဲ့ မာယာတွေထဲမှာ လမ်းမပျောက်စေနဲ့နော်...။ ကွာဟချက်ဆိုတာလည်း လူလုပ်တာပါပဲ...။ နင့်ကို ငါဘယ်လောက် မျှော်လင့်ချက်ထားတယ်ဆိုတာ နင်သိပါတယ်...။ ကြိုးစားစမ်းပါဟာ။ နောက်ဆုံး လမ်းပိတ်နေတယ်လို့ ထင်ခဲ့ရင်တောင် ...။ ပိတ်ထားတဲ့လမ်းနဲ့ ရန်မဖြစ်နဲ့နော်...။ ငါပြောချင်တာကို နင်သိပါတယ်.။ လူဆိုတာ . . . လူတိုင်း စိတ်ဆိုးတတ်တယ် . . .။ လူတိုင်းက ရန်ဖြစ်တတ်တယ် . . .။ သိလား . ။ မြင့်မြတ်တဲ့ . .ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့ အာဂလူသားတွေသာ . . . သာမာန်လူတွေ မလုပ်နိုင်တဲ့ စိတ်ကို ထိန်းချုပ်နိုင်တာလေ...။ မနိုင်လို့ သည်းခံရတာမျိုး မဟုတ်ပဲ . . ကိုယ့်စိတ်ကို အေးချမ်းအောင် တည်ဆောက်ပါ..။ ကန့်လန့်တိုက်တဲ့ အလုပ်ကို လူတိုင်းလုပ်တတ်တယ်နော်...။ ဒါပေမယ့် သည်းခံပြီး ကိုယ့်စိတ်ကို တည်ငြိမ်အောင်လုပ်ပါနော် . . ။ ငါ့ကို လေ့ကျင့်ပေးနေတယ်လို့ပဲ သဘောထားပါနော် . . .။ အခက်အခဲမရှိတဲ့ လူရဲ့ဘ၀ဟာ ရေစုန်မှာ မျောနေတဲ့ ငါးအသေလို ဖြစ်နေမှာပေါ့ . . .။ ရေဆန်ကို ကူးတဲ့အခါမှာလည်း သက်တောင့်သက်သာနဲ့ ပတ်ဝန်းကျင်ကို ရင်ဆိုင်နော် . . .။ စိတ်ဓါတ်၊ ခွန်အားတွေကို မလိုတဲ့နေရာတွေမှာ ထုတ်မသုံးမိစေနဲ့ . . .။ အကျိုးမရှိတဲ့ . . . ကိုယ့်ကို အကျိုးမပြုနိုင်တဲ့ သူတွေအတွက် မလိုအပ်ပဲ စိတ်စွမ်းအားတွေ မကုန်စေနဲ့နော် . . . ။ လူအတော်များများရဲ့ စရိုက်က သူတစ်ပါးကို မကောင်းပြော၊ အုပ်စုဖွဲ့၊ နှိမ်၊ အဲဒီလိုတွေလေ . . ။ သူတို့ကို ဘာမှ မတုန့်ပြန်၊ ကိုယ့်ဘာသာ မှန်မှန်လေးသာနေပါနော် . . ။ အချိန်တန်တဲ့အခါ အရာအားလုံးဟာ ပြီးဆုံးသွားတာပါပဲလေ . . ။ ကိုယ်ချစ်တဲ့သူဖြစ်ဖြစ် . . မုန်းတဲ့သူဖြစ်ဖြစ် အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ အားလုံးပြီးဆုံးသွားရတာပါပဲလေ . . .။

လေဟုန်ကို ဆန်၊ အမြင့်ကို ပျံ ချင်တဲ့သူတွေအဖို့က ရင်ဆိုင်စရာတွေ သိပ်ကို များပါတယ် . ။ မကြောက်တတ်တဲ့သူ . . စိတ်ဓါတ်ခိုင်မာတဲ့သူ . . သွေးအေးအေးနဲ့ ရင်ဆိုင်တတ်သူတွေက အမြင့်ဆုံးကို တစ်ချိန်မှာ ရောက်ရမှာပါ . . ။ သေချာတယ် . . ။ လောကကြီးမှာ ကြိုးစားနေသူ . .(အထူးသဖြင့် . . ရိုးသားစွာ ကြိုးစားနေသူ) အတွက် ထိပ်ဆုံးမှာ နေရာလွတ်အမြဲရှိနေမှာပါ . . .။ နင် စိတ်သိပ်ညစ်တဲ့ အခါမှာ ဆရာဖေမြင့်ရဲ့ စာသားလေးကို သတိရလိုက်စမ်းပါ . . .။

"ထိပ်ဆုံးသို့ မည်သူမျှ ကြိုးဖြင့် ဆွဲတင်၍မရနိုင်၊ ကြိုးကို ကြာကြာဆုပ်ကိုင် မထားနိုင်သောကြောင့် ဖြစ်သည် . . ။ သင်၏ခြေထောက်များဖြင့် ကိုယ့်အားကိုယ်ကိုး တက်မည်ဆိုလျှင် အမြင့်ဆုံးတောင်ထိပ် သို့ပင်ရောက်နိုင်သည် . . ။" တဲ့ . . . ။

နင်လည်း ဖတ်ဘူးပါတယ်နော် . . . ။ ကိုယ့်ခြေထောက်တွေ ၊ ကိုယ့်လက်တွေနဲ့ ကိုယ့်အားကိုယ်ကိုးပြီး အမြင့်ဆုံးတောင်ကို တက်ပါ . . ။ ထိပ်ဆုံးကို ရောက်တဲ့အခါ ဘယ်သူအကူ အညီမှ မပါလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေနဲ့ ပိုပြီး ပျော်ရွှင်ရပါလိမ့်မယ် . . . ။

ချစ်တဲ့

နင်ပြောတဲ့ နင့်ရဲ့ ကြယ်

မမ

Sunday, February 17, 2008

`မမ..ရေ...´

မမရေ
အောင်မြင်မှုတွေကို သိမ်းပိုက်..
နင့်ဘ၀အတွက် အလံစိုက်နိုင်ပါစေ......

အမေမွေးကတည်းက
တစ်ဦးတည်းသော သွေးရင်း...
နင်ဟာ ငါ့ဘ၀ရဲ့....
လမ်းပြကြယ် တစ်စင်းပါ...............

တွေ့လိုက်တာနဲ့
တစ်နာရီပြည့်အောင် မတည့်တဲ့ ငါတို့နှစ်ယောက်..
ခုလို...ငါအဝေးရောက်နေတဲ့အခါ
တမ်းတမ်း..တတ
နင်..ငါ့ကို...
သတိမှ ရရဲ့လား................

ဘ၀ရဲ့လမ်း....
ငြှောင့်ခလုပ်တွေ အပြည့်လွှမ်းလို့....
အားတင်း စမ်းလျှောက်...
အမောဖောက်တဲ့အခါ.....

အခက်အခဲ ဟူသမျှရင်ဆိုင်
ကြံ့ကြံ့ခံနိုင်တဲ့..
နင့်ရဲ့စိတ်ဓါတ်..ခွန်အား
ငါ..ခဏ ယူထားချင်တယ်...........

ခါးသီးမှုတွေနဲ့ တွေ့ကြုံ.....
လောကရဲ့...မာယာတောမှာ
ရင်မောခဲ့ရတဲ့ အခါတိုင်းလဲ
နင့်အနားကို အပြေးသွား.....
နင့်ရဲ့ အားပေးစကားတွေကို ငါကြားချင်တယ်.........

မမရေ.....
နင်ကျင်လည်ရတဲ့ အသိုင်းအ၀ိုင်းနဲ့
ငါကျင်လည်ရတဲ့ ပတ်ဝန်းကျင်....
နည်းနည်းလေးတောင် မဆင်ပါဘူး....

နင်တို့ဆီမှာ......
ပညာရှိချင်း ဥာဏ်အစွမ်းနဲ့
စစ်ခင်းနေတဲ့အချိန်မှာ....

ငါ့ဆီမှာတော့
တစ်ချက်မှားရင်..
တစ်သက်စာ နာကျင်ရမဲ့
ကစားပွဲတွေ ရှိတယ်......

သတိအလစ်မှာ..
နောက်ကျောကို ပစ်မဲ့...
မမြင်ရတဲ့ မြှားတွေရှိတယ်......

သောက်သုံးလိုက်တာနဲ့....
တွေဝေ ငေးငိုင်....
လမ်းကြောင်းပါ ယိမ်းယိုင်သွားမဲ့....
မိုးခါး ၀ိုင်တွေ ရှိတယ်......

မမရေ.....
အမေပေးလိုက်တဲ့ အဖြူရောင်အင်္ကျီလေး....
ငါသေတ္တာထဲမှာ သိမ်းထားပါသေးတယ်....

ငါ့ လောကထဲမှာရှိတဲ့...
လောဘသားကောင်တွေဆီက စိတ်ရောင်စုံတွေကြောင့်...
အဖြူရောင်လေး စွန်းထင်းသွားမှာစိုးလို့...
မ၀တ်ဖြစ်တော့တဲ့ အကြောင်း ....
အမေ စိတ်မကောင်းအောင် မပြောလိုက်နဲ့နော်........

နင်နဲ့ ငါ့ကြားက....
သိပ် မကွဲပြားသေးတဲ့ ကွာခြားချက်...
နောက်ဆို
ကွက်လပ်တွေနဲ့ ပြည့်နှက်လာတော့မယ်.......

လှုပ်လေ မြုပ်လေနဲ့...
နွံထဲမှာ နစ်နေရသူလို...
ကူကယ်ရာမဲ့......
ငါ့ရဲ့ အားအင်တွေလဲ ချိနဲ့လာပြီ..............

တစ်နေ့ကျရင်.....
ငါတို့မိသားစု အတူနေရမယ့်ရက်....
လက်ချိုးရေတွက်ရင်း....
ငါ မျှော်လင့်ချက်လေး တစ်ခုနဲ့ အသက်ဆက်နေပါ့မယ်.......

လောလောဆယ်တော့.....
အခြေအနေ မပေးသေးလို့....
ဒီကဗျာလေးနဲ့ပဲ နင့်ကို ဆုတောင်းပေးလိုက်ပါတယ်.......

မမရေ.....
အောင်မြင်မှုတွေကို သိမ်းပိုက်..
နင့်ဘ၀အတွက် အလံစိုက်နိုင်ပါစေ............................။

(((မောင်လေး)))

Friday, February 15, 2008

ချစ်သူများနေ့ အမှတ်တရ

အဖြေနံပါတ်(၁)

"လေး" လေးနက်နက်ချစ်တတ်သူမို့....
မင်း အပြုံးနဲ့ မ"ညှို့"ပါနဲ့....
ငါ့ရဲ့...
"ရှင်"ဘုရင်..မ ရယ်........

အဖြေနံပါတ်(၂)

ဝေးနေရတဲ့..အချိန်မှာ..
နင်ရဲ့"မောင်" ဆိုတဲ့ ခေါ်သံလေးကို ပြန်ပြန်ကြားယောင်....
ငါ့ရင်ထဲမှာ အလွမ်းတွေနဲ့ မှောင်လိုက်တာ........

အဖြေနံပါတ်(၃)

မင်း အပြုံး တစ်ချက် ရဖို့ဆို....
ရင်နှစ်ခြမ်း ဗြမ်းဗြမ်းကွဲသွားပစေ....
သုံးသပ်ချက်တွေ မလိုပါဘူး...
ကိုယ်က လေးနက်စွာ ချစ်တတ်သူပါကွယ်......
ငါးပါးပဲ မှောက်မှောက် ကိုယ့်ရဲ့ လမ်းတွေလဲ ပျောက်သွားပါစေ....
ခြောက်ခြားခြင်း ကင်းစွာနဲ့....
ခုနှစ်စဉ်ကြယ်လို မင်းအတွက် လင်းမယ့်သူပါ.....
အရပ် ရှစ်မျက်နှာမှာ...
ကိုးကွယ်ရာ ကိုလိုက်ရှာရသလို.......
ရင်ထဲမှာ ဆယ်နေကဲ...
ပူလောင်စွာနဲ့ မင်းကို ချစ်နေဆဲပါ..ကွယ်....

Thursday, February 14, 2008

အမှန်

ငါဟာအမှားတခုပါ
ဘယ်တုန်းကမှမမှန်ခဲ့တဲ့အမှားပေါ့
အမှားဆိုတော့အမှားနဲ့ပေါင်းအသင်းလုပ်တယ်

ဒီတော့
အမှားတွေသူငယ်ချင်းဖြစ်ကြ
ဆံပင်တွေကွေးလို့ကောက်ကြတယ်
(သဘာဝပါ)
စိတ်တွေအလျားလိုက်ဖြောင့်တန်းဖို့ခက်လှ
လေပြေတွေသာဝေ့လို့ဝိုက်ကာတိုက်ခတ်ကြတယ်

ငါဟာအမှားတခုပါ
အမှန်တရားနဲ့ပေါင်းသင်းမိရာက
ငါကိုယ်ငါပျက်စီးလို့မှားခဲ့ရတယ်
မြို့ပြကြီးထဲကျမပျောက်ခင်ညခင်းလေးမှာ
မေမေကမှာလိုက်လေရဲ့
''သားလူပေါင်းမမှားစေနဲ့'' တဲ့လေ
မေမေရယ်သားကအမှားတခုပါ
ဘယ်အရာနဲ့ပေါင်းပေါင်းသားကြောင့်မှားရတယ်လေ
မေမေပြောတဲ့အမှန်တရားဆိုတာ
သားရဲ့နောက်ဆုံးမျက်နှာတခုပေါ့မေမေ

ငါဟာအမှားတခုပါ
ပြင်ဆင်ခွင့်မရှိတဲ့အမှားကိုရင်မှာသေရိုက်သွင်းလို့
ဆံပင်တွေသာဖြောင့်တန်းလို့ရှည်လျားကြ
(သဘာဝမဟုတ်ပါ)
လေတိုက်လို့သာငါတို့အသက်ရှုနေကြပြီး
ငါတို့အသက်ရှုဖို့လေတိုက်ရတယ်

ငါဟာအမှားတခုပါ
မနေ့ကဖွင့်ထားတဲ့တံခါးတွေကိုလိုက်ပိတ်နေရင်း
ဖွင့်မရတဲ့မနက်ဖြန်တွေသာစေးကပ်လို့
ငါ့ရင်ကိုလွမ်းကြ

ငါဟာအမှားတခုပေါ့
ဆက်ကာဆက်ကာမှားနေရင်း
ရင်ထဲကဖောက်ထွက်လာတဲ့
သံမဏိနှင်းဆီလေးတောင်အရွယ်ရောက်ခဲ့ပြီ
မှော်မရှိတဲ့အရပ်မှာထွန်းလင်းထားတဲ့
အမှားတခုဟာငါပါ

င်္င်္friday ရဲ့တနေ့တာညများမှာ
မေမေ့ကိုတောင်းဆိုမိတယ်
ပြင်လို့ရမယ်ဆိုမေမေကိုပြင်ပေးချင်တယ်
မေမေဟာအမှားတခုဖြစ်ပြီး
သားဟာအမှန်တခုဖြစ်ရမယ်လို့
ငါဟာအမှန်အတွက်မှားခဲ့ရတဲ့
အမှားတခုပါ။ ။



nelay
((မြန်မာ ကျု့ပစ်ဖိုရမ်မှ ကူးယူဖော်ပြပါသည်))

Wednesday, February 13, 2008

Old Blog




မြန်မာ ဘလောက်ဂါ တွေ ဖြစ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ အေးအေးလေး သီချင်းတွေ အများစုပါဝင်ပါတယ်…။ တေးရေးတွေ ကတော့ ကိုမျက်လုံး၊ မင်းယွန်းသစ်၊ ကိုဂေါက်၊ မောင်ခ အော် ရေးရင်းနဲ့ old blog band က လူအကုန် ကုန်ပြီ။ အော် ဘလောက်ဂါတွေ တွေကြုံခဲ့ရတဲ့ အဓိက အဖြစ်အပျက် တွေကို သီချင်း အအေး တွေနဲ့ ဖွင့်ချထားပါတယ်..။ ဘလောက်ဂါတွေလဲ ဒီပို့စ်ကို ၀ိုင်း ကြော်ငြာပေးကြ အုံးနော်..။ စပွန်ဆာက mbs ပါ။ နားထောင်ကြည့်လိုက်ပါ။ တခုခု တော့ ကိုယ်ဘ၀ တစ်ပိုင်းတစ်စ နဲ့ သွားပြီးတိုက်ဆိုင် ချင် တိုက်ဆိုက်နေပါလိမ့်မယ်.။

Thursday, February 7, 2008

မြစ်လယ်မှာ ချစ်လှယ်တုန်းက

မြစ်ရေပြင် လှေလူးလို့
ချစ်ဦးမယ်နှင့်မောင်
ပန်းခူးရအောင်။

လမင်းကလှောင် ၊ ကြယ်ရောင်ကပြုံး
ညဥ့်ဦးကဗျာတည်တဲ့
ငှက်ပလီ ချုံနွယ်ရိပ်မှာ
တိတ်တိတ်ကွယ်ပုန်း။

လေအေးကခုန်ပြန်
ကြင်ဦးရင်မှာမှီလို့
ဆိုတေးစီ မြစ်တစ်ကြောမှာ
စိုးတဲ့အသံ။

လှပသည့် ကာရန် ၊ ပန်းမန်မှာနား
လ၀န်းတိမ်မှာကွယ်တော့
မြစ်လယ်မှုန်ဝါး။

လ၀န်းတိမ်မှာကွယ်
မြစ်ယံလယ် မှုန်တ၀ါးမှာ
ရှက်အားကကြွယ်။

တတ်ရေးဆန်းကြယ်
ကမ်းစွယ်ရိပ်အကွေ့
ကြက်သီးတလှိုင်လှိုင်ပ
မယ့်သက်ပိုင်ချို နှလုံးရယ်
ပြုံးတထေ့ထေ့။

ကမ်းဆီကို ၀ိုက်ကွေ့လို့
တရွေ့ရွေ့ စိုက်လာ
ယက်ပန်းကဖွာ ။

ရွာဦးမှာ၊ သာစေတီမြတ်မြင့်မား
ဗျာဒိတ်တလွင်လွင်မို့
လည်ရှက်တင် ပုံတော်သစ်ရအောင်
ချစ်သက်သေထား ။ ။

ကြည်အေး
(တာရာ ၊ အတွဲ ၁ ၊အမှတ် ၅ ၊ ၁၉၄၇)

Thursday, January 31, 2008

အိမ်ဝေးချိန်

အဝေး
အဝေးတဲ့လား
ဘာကြောင့်များပျံသန်းခဲ့မိပါလိမ့်။

ခလုတ်မထိအောင်
တောင်ပံတွေတပ်ပေးလိုက်ပေမဲ့
သားကတော့ 'တ'မိတယ် အမေ . . . . ။

တစ်ယောက်တည်း ဆူညံကြည့်ခဲ့ရတဲ့
ထမင်းဝိုင်းလေးမှာ
မရွာဘဲနဲ့ စိုခဲ့ရတာ အကြိမ်ကြိမ်ပေါ့ . . . . ။

နောက်ပြန်ခရီးကို နေ့တိုင်းလျှောက်
အမေ့အိမ်တံခါးကို သားခေါက်တဲ့အိပ်မက်တွေ
စုထားမိတာလဲ ရင်နဲ့အပြည့် . . .
အိပ်ပျက်ညတိုင်းပြန်တွေး
သိပ်မဝေးပါဘူး။

သားတို့အားလုံး
ခေါင်းအုံးအောက်ကဓာတ်ပုံလေးမှာ
အနီးဆုံးရှိနေကြပါတယ်။

((သုညခါး))
Youth Magazine
Vol 2. No 9. September 2007

Sunday, January 27, 2008

ကျွန်တော့်ရဲ့ ဘုရင်မ

ထီးစွန့် နန်းစွန့်
အသက်စွန့်
အိုးစွန့် အိမ်စွန့်
စည်းစိမ်စွန့်လို့
သုံ့ပန်းတစ်ယောက် ဘ၀နဲ့
မင့်ရှေ့မှာ ဒူးထောက်ရမယ်ဆိုရင်လည်း
ငါ ၀မ်းနည်းမိမှာ
မဟုတ်ပါဘူး၊
မင့်ဟာ
ငါ့ရဲ့ အချုပ်အခြာပါ
မင့်ဟာ
ငါ့ရဲ့ သယံဇာတ အရင်းအမြစ်ပါ
မင့်ဟာ
ငါ့ရဲ့ သဘာဝ ရေမြေပိုင်နက်ပါ
မင့်ဟာ
ငါ့ရဲ့ ယဉ်ကျေးမှု
ငါ့ အနုပညာနဲ့
ငါ့ ကိုးကွယ်ယုံကြည်ရာ
ပြီးတော့
ငါ့ရဲ့ နောက်ဆုံးခံတပ်ပါ။
မင့်က
သေနတ်တလက်ဆိုရင်
ငါက
ကျည်ဆံတစ်တောင့်......ပေါ့။
မင့်က
ရှေးဟောင်းရဲတိုက် တစ်လုံးဆိုရင်
ငါက
ဂန္တ၀င် ပန်းချီကားတစ်ချပ်.....ပေါ့။
ဘေဘီ
ချစ်ခြင်းတရားဆိုတာ
ကျိန်စာတစ်ခုဆိုရင်လည်း
မင့်ရဲ့ နှောင်ဖွဲ့ခံ ၀ိညာဉ်ဘ၀က
ငါ ဘယ်တော့မှ
မလွတ်မြောက်ပါရစေနဲ့

သက်ဝေကိုကို

လမ်းခွဲ

ငါတို့ စကားတွေ ပြောကြရအောင်
အဲဒီ စကားတွေထဲမှာ လေထဲလွင့်သွားတာတွေ ပါမယ်
ရင်ထဲနင့်သွားတာတွေလည်း ပါမယ်

ငါတို့ စကားတွေ ပြောကြရအောင်
အဲဒီ စကားတွေထဲမှာ ဝေ့လည်ကြောင်ပတ် စကားတွေ ပါမယ်
တမင်တကာ ဝေ့ပြီး ကြောင်ပတ်ပစ်လိုက်ရတဲ့
စကားတွေလည်း ပါမယ်

ငါတို့ စကားတွေ ပြောကြရအောင်
အဲဒီ စကားတွေထဲမှာ ဘ၀က ပြဌာန်းပြီးသား စကားတွေ ပါမယ်
ဘ၀ကို ပြန်ပြီး ပြဌာန်းချင်တဲ့ စကားတွေလည်း ပါမယ်

ငါတို့ စကားတွေ ပြောကြရအောင်
အဲဒီ စကားတွေထဲမှာ ဘ၀အကြောင်းဖွဲ့ဆိုတဲ့ အချစ်စကားတွေ ပါမယ်
အချစ်အကြောင်းဖွဲ့ဆိုတဲ့ ဘ၀စကားတွေလဲ ပါမယ်

ငါတို့ စကားတွေ ပြောကြရအောင်
အဲဒီ စကားတွေထဲမှာ မြားအလှည့်မှားတဲ့ ဗက်တာတစ်ခုရဲ့
ရူပဗေဒ သဘောတရားအကြောင်းတွေ ပါမယ်
ဒစ်ဖရန်ရှိတ် အလုပ်ခံရတဲ့ ကိန်ဂဏန်းတစ်ခုရဲ့
သင်္ချာသဘောတရား အကြောင်းတွေလည်း ပါမယ်

ငါတို့ စကားတွေ ပြောကြရအောင်
ဘာပဲဖြစ်ဖြစ်ပေါ့
ငါတို့ မပြောချင်တဲ့ စကားကို ငါတို့မပြောကြဘဲ
ငါတို့ မသွားချင်တဲ့ ဘ၀ကိုတော့ ငါတို့သွားကြတာပေါ့
အလွမ်းဆိုတာ
ရင်ထဲ ဒဏ်ရာ တစ်ခုရှိမှ အနေပျော်တတ်သူတွေအတွက်
ခမည်းတစ်ခု မဟုတ်လား
လွမ်းပါရစေ
လွမ်းမယ်..............။

မောင်စိုးသစ် (မန္တလေး)

Friday, January 25, 2008

အမေ့လင်းယုန်

ဝေဒနာကြိုးတန်းပေါ်မှာ
အမေ့ရဲ့ ချွေးသုတ်ပ၀ါလေး
လှမ်းပစ်တင်လိုက်တော့
ကမ်းမမြင် လမ်းမမြင်မုန်တိုင်းထဲ
သားက ပျံသန်းနေဆဲပေါ့။

သားကို သတိရ
သားကို မတွေ့ရတဲ့အခါ
စာနာတတ်တဲ့ငွေကြယ်ကလေးတွေက
အမေ့ဆီ . . . .
ဝမ်းနည်းကြောင်း သ၀ဏ်လွှာစေလိမ့်မယ်။

လက်ရှိဘဝ
အန္တိမမျှော်လင့်ချက်
အမေတိုက်တဲ့ ရေတစ်ခွက်သာသောက်ချင်ရဲ့။
နောင်ဘ၀၌
လူဖြစ်ခွင့်ရမည်ဆိုပါလျှင်
ပျူငှာယဉ်ကျေးသော ပန်းများ
ပွင့်သော ထိုအင်ကြင်းတောစပ်၌
အမေ့ရဲ့သား ကျွန်တော်ပြန်ဖြစ်ချင်ပါသည်။

ကိုယ့်ကံကြမ္မာကိုယ်ဖွင့်ဆို
ကုသိုလ်၊ အကုသိုလ်တရား
လူပီသစွာ ပွားစည်းမိခဲ့ပါပြီ။

အို...နတ်ကောင်း၊ နတ်မြတ်များ
သင်တို့အား အတောင်ပံအဖြစ်တပ်ဆင်
ဟောဒီ နေ၀င်ချိန်မှာ
ငါ့အမေရှိရာ ငါပျံသန်းချင်ရဲ့။

ငါ့ရဲ့ဇာစ်မြစ်မှာ
“ဂျူးလိယက်ဖူးချစ်”ကို ငါချစ်ခဲ့တယ်
“ဒေါက်တာ နော်မန်ဗက်သွန်း”ကို
ငါချစ်ခဲ့တယ်
ငါ့ကိုယ်ငါချစ်ခဲ့တယ်
မနက်ဖြန်မှာ
ဒီနေ့မှာ
သေချာတဲ့ သေခြင်းနဲ့
အမေ့အိမ်ဆီပြန်ခဲ့မယ်။

“အချစ်”
“ငြိမ်းချမ်းမှု”
“ကဗျာ”
ကျွန်တော့်ရဲ့ အနှစ်မဲ့ခန္ဓာကိုယ်အား
ကောင်းကင်ဘုံ ထိုထိုမှ
တံခါးဖွင့်ကြိုဆိုကြကုန်လော့။

မြက်တစ်ပင်နွမ်းလည်း
မြက်တစ်ပင်ပြန်လည်စိမ်းလန်းလာမှာပဲ
နွေဦးဆိုတာ
အမြဲတမ်းပုန်းနေနိုင်မတဲ့လား
နှင်းဆီနဲ့
လေညင်းနဲ့
အစွန်းအထင်းမရှိတဲ့ နေ၀န်းနီနဲ့အတူ
လှပတဲ့ မိုးသားအဖြူအောက်မှာ
ပြန်လည်ဖူးပွင့်လာရမယ်။

ကဗျာကိုဖတ်ပြီး
ကဗျာကိုမြတ်နိုးတတ်တဲ့ “အမေ”
မသေပါနဲ့ဦး အမေရယ်
နံစော်စော်ပုပ်အဲ့အဲ့ လောကကြီးထဲမှာ
သားကို ပစ်မထားခဲ့ပါနဲ့။

သင်္ခါရတရားတို့ရဲ့
ပြိုကွဲပျက်စီးခြင်းသဘောကိုဆင်ခြင်ဖို့
အမေ့ကို မလွမ်းဖို့
အမေ့ကို သတိမရဖို့
ငါ့မှာတရားမရှိနိုင်ခဲ့ပါ။

အမေဖြစ်တည်ရာ
အဲဒီလောကတစ်ခုမှာ
မိုးတွေရွာချပြီဆိုရင်
အဲဒီမိုးစက်တွေဟာ
ကောင်းကင်ပေါ်က ထိုးဆင်းချလာတဲ့
သားရဲ့အလွမ်းသီချင်းတွေပဲပေါ့
မိုးတိမ်တွေက တစ်ဆင့်
အမေ့ကို ရင်ဖွင့်မယ်
နားသောတဆင်ပါမေ။

အမေ့အရိပ်မှာ
သားအိပ်စက်ဆဲပါပဲ။
အိမ်ပြန်နောက်ကျတတ်တဲ့သားကို
အိမ်ပေါက်ဝက ဆီးကြိုဆဲပါပဲ။

သားရဲ့ နိစ္စဓူဝကိစ္စထဲ
ထာဝရအမေ ရှင်သန်ဆဲပါပဲ။
အမေ့ရဲ့ မေတ္တာလှိုင်းဂယက်ကြောင့်
သမုဒ္ဒရာတွေ သေးငယ်ကုန်ကြတယ်။

ငယ်ငယ်တုန်းကတော့
သားဟာ အမေ့ရဲ့ခွေးလေတစ်ကောင်ပေါ့။
သားဟောင်တာကိုကြည့်
အမေပီတိဖြစ်ခဲ့တယ်။

သားဟာအခုတော့
အမေ့ရဲ့ မျက်ကွယ်က
အမှန်တရားကို ကိုက်ချီထားတဲ့
. . . . . “လင်းယုန်”။ ။

မိုဃ်းဇော်

Wednesday, January 23, 2008

ရတနာ(၁၅)

ပြာရီဆိုင်းဆို့၊မှိုင်းညို့ညိုမှောင်
ဟိုး..တောင်ကခြိမ်း
လျှပ်နွယ်ယိမ်းက၊စိမ်းမြတဲ့ရက်
စက်တင်ဘာ၇ဲ့မနက်တွေမှာ
သံယောဇဉ်ရာသီ ဟာစခဲ့
ဘ၀ရဲ့အတိုင်းအတာနဲ့
နှိုင်းစာနင့်သီး၊အချစ်ကြီး ချစ်ခဲ့မိပါတယ်။

နွေးထွေးသော မိုးစက်
မျက်နာကို ပက်စဉ်ပြီးခွဲခွာ
ရာသီပိတောက်၊နှစ်ကြိမ်ပွင့်
ဥသြနှင့်အတူ
အပူသည်ရဲ့သောက
ဘယ်သူလည်လို့ ပြောပြ၀ံ့မလဲ။

ရင်ထဲကအလွမ်း
ရင်ထဲမှာပဲကျွမ်းပါစေတော့
လာလေ..လာလေလို့မခေါ်ရက်
အခေါ်ခက် အလာခက်တဲ့ခရီးမှာ
အနီးဆုံးလူလဲ..
အချစ်ရယ်... အဝေးဆုံးကို ခွဲရတတ်တာ
သဘာဝတစ်ခုပါလားကွယ်။

တွယ်မက်နှောင်ပတ်၊ချစ်တတ်ခြင်းတည့်
ဖြည့်ဆည်းရုံသက်သက်
ညဉ့်နက်နက်၊ခရီးဖြစ်လျှင်
ပင်လယ်ပြင်မှ၊မီးပြတိုက်လို
လိုက်ခွင့်ကိုမရ၊ဖြာကျသွန်စီး
အကြင်နာမီးမောင်း၊လမ်းကြောင်းပြညွှန်
နေခဲ့ကျန်ဝံ့၊တဖန်သစ်သစ်
လွမ်းခဲ့ရစ်ရုံ...
အချစ်နောက်ကျန် မေ့ထားလိုက်။ ။

ရတနာ(၁၄)

ထာဝရအတွက် နှတ်ဆက်ဝမ်းနည်း ကြေကွဲရပြီ
သည်တခါတော့၊ဝေးကြတော့မည်....

မိုးသည်းညနေ
ခရေလမ်းမှာ၊ဘာကြောင့်မတွေ့
မတွေ့တာလဲ၊၀မ်းနည်းရင်ခုန်
ပြန်ပြီးဆုံတော့၊မလုံမလဲစိတ်
အလွမ်းရိပ်ဖြင့်၊အိပ်မပျော်ခဲ့ဘူး....

ဆံပင်ခေါင်းဖြီး၊ပေးတဲ့ဘီးဖြင့်
ဖြီးသင်မှန်ကြည့်၊မြင်သည့်အရာ
မှန်ထဲမှာလဲ၊သူပါပဲကွယ်
ဘယ်မှာဖြစ်ဖြစ်၊အချစ်ရှိတယ်။

ဖောင်တိန်မီးခြစ်၊ပစ္စည်းလေးတွေ
ဝေပေးတဲ့မုန့်၊မျက်နှာငုံ့ကြည့်
ထိခိုက်ကျွမ်းမြေ့၊ဘယ်နေ့အထိ
ရှိနေမှာလဲ၊စားပွဲထိုင်ပြန်
မှန်အောက်က ပို့စကဒ်
လွမ်းနေတတ်အောင်၊အမှတ်တရတွေက
ပြည့်နေပါလား၊စကားပြောတဲ့ဖုန်း
ဟိုတုန်းက သူ့အသံ၊
ပြန်ကြားယောင်လျက်
တစ်နေ့တစ်ရက် တစ်သက်မမေ့ပါလားကွယ်။

နှင်းဝေမနက်၊ပေးဖက်အဖော်
တရက်ခေါ်စဉ်၊စိတ်ကူးယဉ်ဖြစ်
ချစ်ခရီးဖော်၊ဖြစ်လျှင်တော်စွ
အပျော်အိပ်မက်၊မနက်ကနှင်း
နေ့ခင်းလွင့်ပြယ်၊တကယ်မဟုတ်
သြော်...ဘယ်ဒုက္ခနဲ့မတူတဲ့အချစ်
သူနဲ့ဖြစ်မှ ကြုံဖူးပြီ....

မခေါ်တော့ဘူးကွယ်
သူ့အတွယ်အတာ၊သူ့ကမ္ဘာမှာ
သူသာပျော်ရစ်၊သစ္စာရှိစေ
နေပါစေလား
သွားမည်နှတ်ဆက်
သက်လုံးမမေ့ ...တမြည့်မြည့်လေ
ကြေကွဲရပြီ..သည်တခါတော့
ဝေးကြတော့မည်...။ ။

ရတနာ(၁၃)

သူစိမ်းပဲရယ်လို့
အစိမ်းခွဲတာလားအချစ်ရယ်..

မတွေ့တသက်ဝေးတောင်မှ
တနေ့တရက်လေးပင် ဘယ်လိုမေ့ရမလဲ
နေ့ညမခွဲ ထာဝစဉ်ကွယ်

တရံရောတွင် အမှတ်တရလေးတွေက
သံယောဇဉ် ဖြတ်မရသေးအောင်ပေါ့
အတွေးမှာ အစဉ်မြဲပါလို့
ရင်ထဲထိ အမြစ်တွယ်
အချစ်ရယ်.. မေ့နိုင်ပါ့မလား

တမျက်နှာကို ကဗျာအဖြစ်ကြည့်ပါလို့
တသက်တာဆို တခါချစ်မိသော်လည်း
အပြစ်ရှိသလို သူ့ကိုညှဉ်းလေသလား
ရင်တွင်းမှာ အပူကိုမမျှချင်တော့
သူ့ဘ၀လေး သူပျော်စေချင်မိ
ခေါ်နေလျှင် သူအလာခက်ချည်ရဲ့
ရာသက်ပန် လက်ဆောင်အလွမ်းတွေနဲ့
ပြန်လမ်းဆီ ဟိုးအဝေးကိုမှန်းကာ
လှမ်း၍လှမ်း၍....ကမ္ဘာတွေခြား
အချစ်ရယ်....
ချမ်းမြေ့...
ချမ်းမြေ့....ပါစေသား။ ။

ရတနာ(၁၂)

ခွဲရက်ခွာစွန့်၊ဝေးသွားဝံ့မှ
အပူစတွေ၊သူမျှဝေလို့
ခြွေနှင်းတစ်စက်၊ကြွေဆင်းသက်အောင်
မျက်တောင်ဖျားဆွတ်၊သီဝေ့ညွှတ်ခို
စိုရင်းစီးနေ၊
သြော်... ငိုချင်းလည်းမရှည်တော့ပါဘူးကွယ်။

သူခင်းတဲ့လမ်း၊သူနင်းမည့်ငြမ်း
ချမ်းမြေ့ဝမ်းမြောက်၊လှမ်းလျှောက်ပါစေ
သူငဲ့နေလျှင်၊ဖြေပြေရာခက်
ဝေဒနာသက်ရင့်၊လက်ဆင့်ကမ်းသလို
ငို....ငို....ငိုမှာစိုး
သြော်...ကိုယ်...ကိုယ်သာ အဆိုးဖြစ်စေတော့.....။

ရင်နာစရာလဲ၊ မင်္ဂံလာပါပဲကွယ်လို့
ရယ်ရင်းနှတ်ဆက်၊ မေ့နိုင်ရက်စေ
မေ့ပါစေကွယ်၊လွယ်လွယ်ခံစား
ချန်ထားပါစေ၊ကံတရားလို့သာဖြေလျက်နဲ့...

မခြွေရက်တဲ့ပန်း၊အကြွေခက်တဲ့ပန်း
အမြဲလန်းနေ၊အလွမ်းတစ်ခု
ရင်ထဲနုမျစ်၊ဖြစ်ပြီးမပျက်
သစ်ပြီးသထက်သစ်၊နှစ်ရှည်လကြာ
ကာလတာရှည်မျော
ပြောမပြသာပြီ
အချစ်ရယ်.........
ရင်...ထဲ..မှာ...တော့..သောကရာသီ။ ။

ရတနာ (၁၀)

တိမ်နှင့်လိုက်၍၊ တိမ်တိုက်ကြားမှာ
ပျော်ဖူးပါရဲ့၊ သူနဲ့အတူ.....

လရောင်ဒန်းစီး၊တေးချင်းညည်းဆို
ခရီးတစ်ထောက်၊ လျှောက်ဖူးပါရဲ့
သူနဲ့အတူ...

တွယ်မက်ဆွတ်ပျံ့၊ပန်းရနံ့ထဲ
တွဲဖက်ကြည်နူး၊နေပျော်ဖူးရဲ့
သူနဲ့အတူ...

နိုးနေသည်ဟု
မှောင်ရီညဉ့်နက်၊အိပ်မက်မက်ဆဲ
အိပ်မက်ပဲကွယ်၊ တကယ်ဆိုက
အိပ်မောကျသူ
ဘ၀မနက်၊နေအထွက်မှာ
ခွဲရက်ချန်ရက်၊ထားခဲ့ရက်မည်.....
သိလျက်မေ့မှာစိုးပါသည်။ ။

ရတနာ( ၈ )

ပန်းတို့၏ ၀တ်ရည်များ
ပျားရည်ဖြစ်သည်...

ကမာကောင်တို့၏ အသဲ
ပုလဲဖြစ်လိမ့်မည်.

တမ်းတခြင်းအိပ်မက်သည်
လွမ်းရာသီရှည်လျား

သူ့ကိုတွေ့တဲ့ရက်
သူ့ကိုမမေ့တဲ့ရက်
သောကရဲ့လက်ဆောင်တွေ
ဝေဒနာတွေ ရင်မှာကျွမ်း
အလွမ်းဖြစ်သွား။ ။

ရတနာ(၇)

တဘ၀တာ ထာဝရ
တမျက်နှာ သာ တဘ၀လို့ထင်ပါတယ်..
သူ မေ့စေတော့ရယ်လို့
မတွေ့အောင် ထမင်ထိန်း
ခပ်စိမ်းစိမ်းနေပါ့မယ်..

တနေ့တရက်တောင်မှ
အတွေ့ခက်လျှင် ဘယ်လိုမျှော်လို့
ဘယ်လိုနော် ရင်မှာ ရှိလေမလဲ
သူသိမယ်ထင်ထင်ရဲ့
ခင်ခင်ရယ်.. သည်ရင်ကျွမ်းပြီပေါ့
အလွမ်းဆုံး နေ့တွေရယ်
မေ့နေမယ်လို့ထင်သလား။

အနေဝေးပေမယ့်
အတွေးမှာ နှစ်ကိုယ်ဆုံရဲ့
ဘယ်လိုပုံ ဘယ်လိုလွမ်းတယ်ကွယ့် ရယ်လို့
ဖွဲ့နွဲ့ကာ သောကဇာတ်ကိုလဲ
ပြောပြတတ်လျှင် သူငိုချင်မလား
ငြိုငြင်လျှင် ကိုယ့်အပြစ်ပါပဲ
သိပ်ချစ်သူ.. သူစိမ်းရုပ်နဲ့
ထိန်းချုပ်စေသား။ ။

Tuesday, January 22, 2008

ရတနာ(၆)

ခေါင်းအုံးပေါ်မှာ၊ မပျော်တ၀က်
ပျော်တ၀က်နိုး၊ မိုးစင်စင်လင်း
နှင်းထန်ဆဲမေ...

နွေအကြိုဆောင်း၊နှင်းလောင်းမှုန်ရီ
ဘယ်ဆီကြည့်ကြည့်၊ ကြည့်တိုင်းကြည့်တိုင်း
မှိုင်းဝေသိပ်သည်း၊အနီးကလေး
ဝေးကြီးဝေးထင်
မမြင်သာဘူး အချစ်ရယ်..

ဝေဒနာငှက်၊ တေးသီမြွက်နေ
အိပ်မက်ရှည်လည်း၊ရွက်ကြွေလိုလွင့်
မျှော်လင့်မှုပန်း၊နွမ်းရမှာလား
တမ်းတခြင်းများစွာ၊သယ်ဆောင်လာမည့်
တရာသီပြောင်း၊ယာယီဆောင်းနောက်
ထောက်ညှာမငဲ့၊
သြော်....... ရောက်လာမည့် အလွမ်းနွေ
ဆယ်နေမက ပူတယ်လေ...။ ။

ရတနာ(၅)

တသက်တာ၌၊နှစ်ခါမတောင်းပန်၊
မတောင်းခံပါ။
တခါနှင့်မရလျှင်၊ဘာမှမယူချင်ခဲ့ပါ။

တစုံတရာကို၊နှစ်ခါမလုပ်
တခါလုပ်ရုံ၊ပြီးပြည့်စုံမှ
အားရကျေနပ်၊နေတတ်ခဲ့သူပါ...

တညတည်းမှာ၊နှစ်ခါမအိပ်
သိပ်သတိရ၊ညညတွေမျိုး
တရေးနိုးရင်၊ မိုးလင်းအထိ
ဆက်ထိုင်မိတတ်သူပါ..

တငုံတဖူး၊တပွင့်ခူး၍
ပန်းဦးအိပ်မက်။ တသက်တခါ
တမျက်နှာတည်း၊
နှစ်မျက်နှာ မတမ်းတတ်သူပါ..

ဒါပေမယ့်ကွယ်...
ဘယ်တော့ဖြစ်ဖြစ်
အချစ်ကိုတွေ့နေဖို့
အချစ်ကိုယ့်ကို မမေ့စေဖို့
အောက်ကျို့တောင်းပန်၊ အဖန်ဖန် အထပ်ထပ်
တရံမလပ်ပါ၊ နှစ်ခါမက
တဖွဖွနှင့်၊ မာနမဲ့တတ်သူပါကွယ်။ ။

ရတနာ(၄)

ပန်းကလေးတောင်မှ
နမ်းလို့မမွှေးရဘူးကွယ်.
ခေါင်းအုံးမှာ ပါးကိုအပ်
မအိပ်တတ်ပါနဲ့အချစ်ရယ်..
နေတိုးတဲ့အခါ နေပြောက်ကလေးတွေ..
ရေချိုးတဲ့အခါ ရေပေါက်ကလေးတွေ..
အသားကိုထိနေတာတောင်မှ
စိတ်ထဲ ဘ၀င်မကျချင်ဘူး..
လရောင်ကိုလည်း မနာလို
လေပြည်ကိုလဲ မကျေနပ်နဲ့
ချစ်တတ်လွန်းလို့ သ၀န်တိုတာ
အချစ်.. ကိုယ့်ကိုနားလည်ပါကွယ်..

ဘယ်တော့ပဲဖြစ်ဖြစ်
ဘယ်တော့မှ မမေ့ချင်ဘူး..
ဘယ်နေ့မှ မခွဲချင်ဘူး
စိတ်ကူးနဲ့တောင် မဝေးရဲ
အိပ်မက်ထဲတောင် အူတိုတတ်ပါရဲ့
အမှတ်တရကွယ် ခြေရာအသစ်တွေနဲ့
ကိုယ့်အချစ်ကလေ
ဖြတ်မရတဲ့ ဝေဒနာချစ်။ ။

ရတနာ(၃)

မမေ့တတ်ဟု ယုံမှတ်ပြန်သည်
မှောင်ရီမိုးသည်း၊မလာလဲလေ
လာနေမလား၊ ထသွားပြန်ခက်
လာလျက်နဲ့များ၊လွဲသွားမှာစိုး
မိုးချုပ်တော့မည်..

ခရေလမ်းကို လှမ်းငေးမျှော်မော
မြင်ရသောသူ၊ သြော်.. သူမဟုတ်
အလုပ်သွားပြန်၊ တ၇ံတဆစ်
ချစ်သူတွေလား၊မိုးကြားလေထဲ
နှစ်ယောက်တွဲပျော်၊ အဖော်နှင့်လေ
ခရေတန်းအောက်၊ သူလာလျှင်
တယောက်ထဲ၊မလာရဲလို့လားကွယ်...

လေတစ်ချက်ဝေ့၊မိုးစက်ထိမှန်
ပြန်မှဖြစ်မည်၊ မိုးချုပ်ပြီကွယ်
တကယ်ဆိုလျှင်၊ အမျှင်မပြတ်
မတ်တပ်စောင့်ဆဲ၊မိုးပိုသည်းပြန်
တ၇ံတခါ၊ လာမည်ဆက်ဆက်
မိုးစက်ကြားမှာ၊ ကြားယောင်လာ၏
သတိတော့ရမှာပါ...

မတွေ့ခြင်းဖြင့်၊တွေ့ခြင်းများစွာ
မလာခြင်းဖြင့်၊ မျှော်လင့်ရင်မော
သောကဟု မဆိုသာ...
ဗျာပါဟု မဆိုချင်..
သံယောဇဉ်တခုခုဖြင့်
ဘယ်သူ့ဘယ်သူ ၊ခွန်းကျူချိုသာ
မမှာမကြား၊ချိန်းမထားပေမင့်
စကားများစွာပြောချင်သည်.. ။ ။

ရတနာ(၂)

ရှိစေချင်သည်..
နားလည်မည့်သူ၊အပူကိုမျှ
ဖေးမ အားဖြည့်၊ ကြင်နာကြည့်များ
စကားချိုမြွက်၊ ယုယရက်ရှည်
ချမ်းမြေ့ကြည်နူး၊နေဖူးချင်သည်...

သူကမေ့လျှင်၊ညှိုးသွေ့ရော်ရွက်
အလက်မဝေ၊ခက်မဝေတည့်
နွေထိနေပန်း၊ကြွေမည့်ပန်းပါ
တမ်းတ ၀မ်းနည်း၊မနာကြည်းဝံ့
အထီးကျန်ဆွေး၊ဟိုရှေးရှေးကလို
ဝေးဝေးကသာလွမ်းပါမည်..

သူနှင်မည့်နေ့၊တနေ့နေ့ကို
ေ၇ွ့ေ၇ွ့ဖြတ်သန်း၊လမ်းအဆုံးတည့်
မသိမဟုတ်၊ထိန်းချုပ်ကင်းမဲ့
လျှောက်ခဲ့ပြီလား၊စကားပြောဖော်
ခံစားဖော်ဖြစ်၊သူစိတ်ညစ်မလား
ဖြစ်ခဲ့သည့်ဝန်၊ကိုယ်အလွန်ချည်း
နစ်ကျွံလင့်မျှော်၊နားလည်သော်မှ
အဖော်တစ်သက်၊ မခေါ်ရက်ပါ
ပျော်လျက်ပျော်ရာ၊နေပါစေ..


သံယောဇဉ်များ
စကားအကြည့်၊တွယ်ငြိထပ်ထပ်
ဖြေလျှောဖြတ်ခက်၊လပ်ဟာမွတ်သိပ်
တမ်းတစိတ်ဖြင့်၊ ပျော်ရိပ်ပျော်ဟန်
မပြန်ချင်မိ၊ရှိစေချင်သည်..

နားလည်မည့်သူ၊ အတူတကွ
အပူမျှလျက်၊ယုယရက်ရည်
ချမ်းမြေ့ကြည်နူး၊နေဖူးလိုက်ချင်
စိတ်ကူးယဉ်သည်....

ရတနာ(၁)

အမေ့ခက်သည်၊နေ့ရက်များစွာ
ရတနာ..

မျှော်လင့်ကြည်နူး၊စိတ်ကူးများစွာ
ရတနာ..

တပ်မက်နှောင်ရစ်၊ချစ်ခြင်းများစွာ
ရတနာ..

ပျော်ဖူးသည့်ရက်၊အိပ်မက်များစွာ
ရတနာ...

ဝမ်းနည်းကြေကွဲ၊ ခွဲခွာဆို့နင့်
နွေနှင်းပွင့်လို၊ နေမြင့်လျှင်ပြေး
ဟိုးဝေးဝေးမှာ၊ မှုန်မှေးပြက်ပျယ်
ချန်ထားရက်လျှင်..

တသက်နှောင်ရစ်ဖွဲ့၊လက်ဆောင်အဖြစ်နဲ့
အချစ်ရဲ့ရုပ်ကြွင်း၊ လွမ်းချင်းကဗျာ
ရတနာလေ..
ရင်မှာထာဝရကျန်လိမ့်မည်...။

Monday, January 21, 2008

နေ့စွဲမရှိတဲ့ အချစ်

မမေ့ရဲပေမယ့်
တစ်နေ့ ခွဲရမှာတော့
သိတယ်ခင်။

နေ့စွဲမဲ့အချစ်
မမေ့ရဲတဲ့ အဖြစ်တွေမို့
ယနေ့လည်း သစ်ဆဲ သစ်မြဲလို့ထင်။

]ဘာသံမှ မကြားချင်ဘူးနော်} တဲ့
အမိန့်တော်လို အမှာစကားတွေနဲ့
အခါတစ်ပါးက သူ့သံစဉ်
အခုပြန်မြင်ရဲ့ သူ့အမူအနွဲ့။

တရံခါဆီက
ဒဏ္ဍာရီလို အဖြစ်တစ်ခုလို့
ချစ်သူ့အတွေးမှာ ပုံပြင်မှတ်ပါသလား ...
စိမ်းပြတ်နာ မာနအငွေ့တွေနဲ့
တိမ်းဖြတ်ကာ ထာဝရမေ့ချင်လို့
မတွေ့သာအောင် သခင်ခွဲတော့မှ
ရင်ထဲမှာ ဝေဒနာကျွမ်းကာ
အချစ်ရယ် ...လွမ်းလို့ ကျန်ရဲ့။

မောင်စိန်ဝင်း (ပုတီးကုန်း)

Sunday, January 20, 2008

ဘူတာရုံနဲ့ တူတဲ့ ကောင်မလေး

ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ
ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီ့ စောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ ဘူတာရုံလေးရေ . . လွမ်းတယ် . .။

အရမ်းကြီးမဟုတ်ပေမယ့် . . တစ်ခါတစ်ခါ
ယောက်ျားတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့် ရှိတာပဲ မဟုတ်လား။

ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ် . .
ပြောပါ . .
မင်း ငါ့ကို ဘယ်တော့ အိပ်မက် မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ..
တိတ်တိတ်ကလေး ရပ်စောင့်နေတာ
ကြာပြီလေ . . .။

ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ
ကုန်တင်ကုန်ချလုပ်ခွင့် မပြုတဲ့
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။

ဟောဒီ့ကောင် . . ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့် သံလမ်း ကိုယ်ဖောက်ခဲ့တာပါ . .
. . နောက်ကျသွားတယ်။

အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့်ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ် . .။


မင်းခိုက်စိုးစံ

Saturday, January 19, 2008

ဂျစ်ပစီ

ကိုယ့်လက်ခုပ်ထဲ ပြန်ကြည့်မိတော့မှ
အလွမ်းက တစ်ပွင့် နှစ်ပွင့်နဲ့ ...၊ ခြောက်ကပ်
ငါ.. ရေငတ်လာတယ်။

တေလေလို ရွက်လွှင့်နေခဲ့ရာက
ငါ့ဝိညာဉ်ရဲ့ ကျောက်ဆူးကိုချ
ဒီညတော့
မင်းရင်ခွင်ထဲမှာပဲ စိတ်ချလက်ချ
... အိပ်စက်ပါရစေ။

ကောင်မလေးရယ်...
ငါဟာ ဖျားနာမှုကိုမှ တွယ်တာတတ်သူပါ...။

တစ်စုံတစ်ခု ဖြစ်လာမှာကို ငါ စောင့်မျှော်နေမိ၊
... တံခါးဖွင့်သံ
... ခြေသံ
လာ၊ မြန်မြန်သာ ၀င်ခဲ့ပါတော့။

လူ ၈၀%က အလုပ်လုပ်ကြတယ်
၊ဒါပေမယ့်၊ ကျန်တဲ့လူ ၂၀% က ဆုရတယ်
ငါကတော့
သူတို့ကို ရယ်ရယ်မောမောနဲ့သာ ထိုင်ကြည့်မိ
သွေးအေးအေး ရက်စွဲတွေကိုသာ အသိအကျွမ်း ဖွဲ့နေခဲ့တယ် ...။

ကောင်မလေးရယ် ... ငါဟာ “တေလေ” ပါ...။
ဆောင်းဦးပေါက်နှင်းတွေနဲ့
ကောင်းကင်မှာ တိမ်တွေက အပြာနုနု
ဟော ...
အရပ်ပုပု ကောင်မလေးတစ်ယောက် လမ်းလျှောက်လာနေတယ်၊၊

အို ... မဟုတ်သေးပါဘူး
ကယောင်ကတမ်းနဲ့ အရောင်ကန်းတဲ့ အိပ်မက်တွေ ငါမက်နေမိ၊

ချစ်လှစွာသော... ငါ့ရဲ့ ညီမသေးသေးလေးရေ
... လွမ်းတယ်၊
... ဒါပဲ တတ်နိုင်တာမို့ လွမ်းပါရစေ။

((မင်းခိုက်စိုးစန်))

Friday, January 18, 2008

ချာတိတ်ကလေး တစ်ယောက် အကြောင်း…

(၁)
ကျွန်တော်ဟာ 'မမ' ရဲ့ နွားကလေးတစ်ကောင်ပေါ့
နှစ် ချင်လွန်းလို့
ရေတိမ်တိမ်ကိုမှ လိုက်ရှာခဲ့တာပါ။

(၂)
အဝေးပြေးလမ်းမကြီး တစ်ခုလုံး ရင့်မှည့်နေခဲ့ပြီ
ကျွန်တော် အိမ်ကို ဘယ်လို ပြန်ရမှာလဲ

(၃)
ငယ်ငယ်တုန်းက အတန်းထဲမှာ
လက်လှဲပြိုင်ရင်
အနိုင်ရချင်ခဲ့တဲ့ ကလေးလေးတစ်ယောက်ဟာ
ကျွန်တော်ပေါ့။
အခုတော့
နွေရောက်ရင် သိမ်းဆည်းရတဲ့ အနွေးထည်လို
ကိုယ့်ကိုယ်ကိုယ် လုံးထွေးပြီးတော့သာ
ထိုးထည့်ထားလိုက်တော့တယ်

(၄)
အလွမ်းကို ဂြိုဟ်စားကျွေး
ငေးကြည့်ခြင်းနဲ့ပဲ ရေမီးပူဇော်ခွင့်ပြုပါ။

(၅)
ကျွန်တော့်ကို အပြစ်မတင်လိုက်ကြပါနဲ့ဗျာ
မမြင်ဖူးတဲ့ လူ အတွက်တော့
'မူး' ကိုလည်း 'မြစ်' လို့ ထင်ခွင့်ရှိတာမဟုတ်လား။ ။

Tuesday, January 15, 2008

အိပ်မက်ထဲက တက္ကသိုလ်



ငါမမေ့၍
နွေနေ့တစ်ရက်၊ ငါမြင်မက်သည်
အိပ်မက်ထဲက တက္ကသိုလ်...

ဥသြသံချို၊ တေးသံစို၍
ပင်ပျိုပင်လှ၊ ပုရစ်မြနှင့်
လှနေပေဆဲ မြူငွေ့ထဲ.....။

ငါမမေ့၍
မိုးနေ့တစ်ရက် ငါမြင်မက်သည်
အိပ်မက်ထဲက တက္ကသိုလ်....

မိုးရေပက်ဖြန်း ပိတောက်လမ်းနှင့်
ပန်းခင်းတစ်ခင်း ရောင်စုံကျင်း၍
သင်းနေပေဆဲ မိုးငွေ့ထဲ....


ငါမမေ့၍
ဆောင်းနေ့တစ်ရက် ငါမြင်မက်သည်
အိပ်မက်ထဲက တက္ကသိုလ်....

မြရည်ပိန်းပိန်း၊ မြက်ခင်းစိမ်း၌
ရှိမ်းရှိမ်းနုနု၊ ပုလဲဥနှင့်
နုနေပေဆဲ နှင်းငွေ့ထဲ....

ငါမမေ့၍
နေ့ပေါင်းများစွာ အိပ်မက်ရာ၌
ငါတို့ခြေရာ များပြားစွာသည်
ဘယ်မှာပျောက်သည် ငါမသိ....

ငါ၏ခြေရာ မင်းခြေရာကို
ခုခါရှာ၍ မမြင်တွေ့လည်း
မေ့မရသည့် တက္ကသိုလ်.......

မိုးငွေ့မြူငွေ့ နှင်းအငွေ့တို့
ရစ်ဝေ့နေသည် ငါမြင်သည်၌
နေခြည်ဝင်းဝင်း ပန်းတစ်ခင်းကို
လေညင်းထဲက တေးတစ်စကို
လရောင်ထဲက တစ်ဘ၀ကို
တလျက် တမ်းလျက် ငါလွမ်းလျက်သည်...
အိပ်မက်လိုလို တက္ကသိုလ်.................။

((ပျဉ်းမနားမောင်နီသင်း))

ဒါဏ်ရာရ သစ်ပင်

လူတိုင်းလူတိုင်း.. အဝေးတနေရာမှာ
ရွာနေတဲ့“ မိုး ” ဝေနေမယ့် “ နှင်း ” တွေကို
တွေးနေကြလိမ့်မယ်။
စိတ်ကတော့ အနှောင်အဖွဲ့ကင်းစွာဝေနေတဲ့
မြူနှင်းတွေလို တစိမ့်စိမ့်နဲ့
သတိရမှုမှ အပ ဘာမှမတတ်နိုင်ခဲ့တဲ့ နေ့တွေပါ။

အမေ့ကိုလွမ်းလိုက်
သူငယ်ချင်းတွေကိုလွမ်းလိုက်
ဇာတိမြေကိုလွမ်းလိုက်
မြို့ပြင်ထုတ်ထားတဲ့
ကျောင်းတော်ကြီးကိုလွမ်းလိုက်နဲ့
သားအလွမ်းတွေတိုင်းမှာ
အမေအမြဲတမ်းပါချင်မှပါမယ်
သေချာပါတယ်...
အမေ့အလွမ်းတွေတိုင်းမှာတော့
သားအမြဲပါနေမှာပါ။

ဝေးခဲ့ကြတယ်
အလူးအလဲကိုဝေးခဲ့ကြတယ်
မကြားနိုင်အောင်ဝေးခဲ့ကြတယ်
ပြန်မဆုံနိုင်လောက်အောင်ကိုဝေးခဲ့ကြတာပါ
ဘယ်လိုသံသရာလမ်းတွေ ကွေးကောက်ခဲ့လို့ပါလိမ့်။

တချို့က ကဗျာနဲ့လွမ်း
တချို့က သီချင်းနဲ့တမ်းတ
တချို့က အတွေးနဲ့ ကြေကွဲ
တချို့က ဝေဒနာနဲ့ ရှိုက်ငင်
အမေ... အမေ.... အမေ...။

ပြန်ဆုံမယ့်တရက်
နေ၀င်နေထွက် မရေမရာနဲ့ တွက်ချက်
သေချာပါတယ်
အမေကိုလွမ်းဘူးသူတိုင်း
ဒုက္ခနဲ့ရင်ဆိုင်ကြုံဘူးလို့ဖြစ်မယ်
အမေကိုချစ်ရကောင်းမှန်းသိသိလာတယ်။

ဒုက္ခနဲ့တခါကြုံတိုင်း
ခလုပ်ထိတိုင်း
“တ”ရလွန်းလို့
လက်ညိုးညွှန်ရာ အမေဖြစ်ပါစေလို့ဆုတောင်းနေမိတယ်။

((ကိုပြည့်စုံရဲ့ ဘလော့ခ်မှ ကူးယူဖော်ပြပါသည်..))

လမ်းကလေးသို့

လျှောက်ခဲ့ဘူးတဲ့ လမ်းကလေးရေ...
နေရစ်ခဲ့တော့ကွယ်...

မင်းရဲ့ရင်ခွင်ထဲမှာ
အကြိမ်ကြိမ် နင်းလျှောက်..
ခံစားမှုတွေ ဗြောက်သောက်နဲ့..

တခါတလေလည်း..
ဝမ်းနည်းကြေကွဲ မျက်ရည်ဝဲ..

တခါတလေလည်း..
ကြည်နူးရွှင်ပျ အပြုံးလှတွေနဲ့
ကိုယ့်ဘ၀ရဲ့
တ၀က်မျှလောက်ကို မင်းနဲ့အသုံးချ
ဘယ်တော့မှ မေ့မရဘူး....

ပညာရဲ့ အစ
မူလတန်းဘ၀ကနေ
ပညာရေးရဲ့ အဆုံး
တက္ကသိုလ် တက်နေတုန်းအထိ
မင်းနဲ့ပဲ..လက်တွဲနေရဆဲ.....

လမ်းကလေးရေ....
ကိုယ့်ဘ၀ရဲ့ အမြင့်ဆုံးရောက်ဖို့.
လမ်းများစွာကို လျှောက်ရဦးမယ်....

ခရောင်းလမ်း
ပန်းခင်းလမ်း
ညှောင့်ခလုပ်တွေ အပြည့်လွှမ်းတဲ့
လမ်းတွေကို တွေ့ရဦးမယ်......

လမ်းကလေးရေ...
မျှော်လင့်ထားတဲ့ အနာဂါတ်မှာ
ရွှေအိပ်မက်တွေ ဆုပ်ကိုင်နိုင်ပြီး
မင်းရဲ့ရင်ခွင်တလျှောက်..
ခေါင်းမော့ပြီးလျှောက်နိုင်အောင်
ကြိုးစားရဦးမှာမို့.....

လျှောက်ခဲ့ဘူးတဲ့..လမ်းကလေးရေ.....
နေရစ်ခဲ့တော့ကွယ်..............။

Monday, January 14, 2008

မှော်ဆရာမလေး

(၁)
ငါ့ကို
အလွမ်းဘဏ္ဍာစိုး ခန့်ပါကွယ်။

(၂)
အချစ်ဆိုတာ မျက်လှည့်တစ်မျိုးပါပဲ။
မင်းက... မျက်လှည့်သေတ္တာထဲကနေ
ငါ့ အိပ်မက်တွေကို ဆွဲဆွဲထုတ်ပြတယ်...။
... ပန်းသီးအပုပ်တစ်လုံး ဖြစ်သွားလိုက်
... ဖဲချပ်တွေ ထွက်လာလိုက်
... ပန်းပွင့်တွေ ထွက်လာလိုက်...နဲ့
ဟော... နောက်ဆုံး
ငှက်အဖြူလေးတစ်ကောင် ဖြစ်သွားပြီး
ဟိုး... အဝေးကြီးကို ပျံသန်းပျောက်ကွယ်သွားတယ်။

(၃)
ဘာမှ မကျန်ခဲ့တော့ဘူး။

(၄)
အစကတည်းကလည်း
ဘာမှ ရှိနေခဲ့တာ မဟုတ်ပါဘူး။

(၅)
မလိမ်မိုး မလိမ္မာနဲ့... ငါကသာ
မင်းကို အခါခါ ယုံခဲ့တယ်...။
စုန်းသွင်းခံထားရသူတစ်ယောက်လိုကို
ယုံခဲ့တယ်။
......
ငါ့ အိပ်မက်တောင်ယာကို ခုတ်လှဲ
အလွမ်းတွေကိုမှ ပျိုးကြဲသွားခဲ့တဲ့
လူကြီးလူကောင်း ငနဲမလေးရေ...
ဟောဒီမှာ ... ငါဆိုတဲ့ကောင်က
မီးကျွမ်းခံထားရတဲ့ စာရွက်တစ်ရွက်လို
လေတစ်ချက် တိုက်ခတ်လိုက်ရုံနဲ့
စိပ်စိပ်မြွာမြွာ ပဲ့ကြွေလွင့်စင်သွားရတော့မယ်။

(၆)
မင်းရဲ့ မျက်လှည့်သေတ္တာထဲက
နောက်ထပ်...ဘာတွေများ ဆွဲထုတ်ပြဦးမှာလဲ...¿

(ရ)
ကောင်မလေးရယ်...
ပြောပါ...
ငါ ရပ်နေရမှာလား
ဆက်လျှောက်ရမှာလား ဆိုတာကို။

မင်းခိုက်စိုးစန်