ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Sunday, January 27, 2008

လမ်းခွဲ

ငါတို့ စကားတွေ ပြောကြရအောင်
အဲဒီ စကားတွေထဲမှာ လေထဲလွင့်သွားတာတွေ ပါမယ်
ရင်ထဲနင့်သွားတာတွေလည်း ပါမယ်

ငါတို့ စကားတွေ ပြောကြရအောင်
အဲဒီ စကားတွေထဲမှာ ဝေ့လည်ကြောင်ပတ် စကားတွေ ပါမယ်
တမင်တကာ ဝေ့ပြီး ကြောင်ပတ်ပစ်လိုက်ရတဲ့
စကားတွေလည်း ပါမယ်

ငါတို့ စကားတွေ ပြောကြရအောင်
အဲဒီ စကားတွေထဲမှာ ဘ၀က ပြဌာန်းပြီးသား စကားတွေ ပါမယ်
ဘ၀ကို ပြန်ပြီး ပြဌာန်းချင်တဲ့ စကားတွေလည်း ပါမယ်

ငါတို့ စကားတွေ ပြောကြရအောင်
အဲဒီ စကားတွေထဲမှာ ဘ၀အကြောင်းဖွဲ့ဆိုတဲ့ အချစ်စကားတွေ ပါမယ်
အချစ်အကြောင်းဖွဲ့ဆိုတဲ့ ဘ၀စကားတွေလဲ ပါမယ်

ငါတို့ စကားတွေ ပြောကြရအောင်
အဲဒီ စကားတွေထဲမှာ မြားအလှည့်မှားတဲ့ ဗက်တာတစ်ခုရဲ့
ရူပဗေဒ သဘောတရားအကြောင်းတွေ ပါမယ်
ဒစ်ဖရန်ရှိတ် အလုပ်ခံရတဲ့ ကိန်ဂဏန်းတစ်ခုရဲ့
သင်္ချာသဘောတရား အကြောင်းတွေလည်း ပါမယ်

ငါတို့ စကားတွေ ပြောကြရအောင်
ဘာပဲဖြစ်ဖြစ်ပေါ့
ငါတို့ မပြောချင်တဲ့ စကားကို ငါတို့မပြောကြဘဲ
ငါတို့ မသွားချင်တဲ့ ဘ၀ကိုတော့ ငါတို့သွားကြတာပေါ့
အလွမ်းဆိုတာ
ရင်ထဲ ဒဏ်ရာ တစ်ခုရှိမှ အနေပျော်တတ်သူတွေအတွက်
ခမည်းတစ်ခု မဟုတ်လား
လွမ်းပါရစေ
လွမ်းမယ်..............။

မောင်စိုးသစ် (မန္တလေး)

No comments:

Post a Comment