ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Tuesday, January 15, 2008

အိပ်မက်ထဲက တက္ကသိုလ်



ငါမမေ့၍
နွေနေ့တစ်ရက်၊ ငါမြင်မက်သည်
အိပ်မက်ထဲက တက္ကသိုလ်...

ဥသြသံချို၊ တေးသံစို၍
ပင်ပျိုပင်လှ၊ ပုရစ်မြနှင့်
လှနေပေဆဲ မြူငွေ့ထဲ.....။

ငါမမေ့၍
မိုးနေ့တစ်ရက် ငါမြင်မက်သည်
အိပ်မက်ထဲက တက္ကသိုလ်....

မိုးရေပက်ဖြန်း ပိတောက်လမ်းနှင့်
ပန်းခင်းတစ်ခင်း ရောင်စုံကျင်း၍
သင်းနေပေဆဲ မိုးငွေ့ထဲ....


ငါမမေ့၍
ဆောင်းနေ့တစ်ရက် ငါမြင်မက်သည်
အိပ်မက်ထဲက တက္ကသိုလ်....

မြရည်ပိန်းပိန်း၊ မြက်ခင်းစိမ်း၌
ရှိမ်းရှိမ်းနုနု၊ ပုလဲဥနှင့်
နုနေပေဆဲ နှင်းငွေ့ထဲ....

ငါမမေ့၍
နေ့ပေါင်းများစွာ အိပ်မက်ရာ၌
ငါတို့ခြေရာ များပြားစွာသည်
ဘယ်မှာပျောက်သည် ငါမသိ....

ငါ၏ခြေရာ မင်းခြေရာကို
ခုခါရှာ၍ မမြင်တွေ့လည်း
မေ့မရသည့် တက္ကသိုလ်.......

မိုးငွေ့မြူငွေ့ နှင်းအငွေ့တို့
ရစ်ဝေ့နေသည် ငါမြင်သည်၌
နေခြည်ဝင်းဝင်း ပန်းတစ်ခင်းကို
လေညင်းထဲက တေးတစ်စကို
လရောင်ထဲက တစ်ဘ၀ကို
တလျက် တမ်းလျက် ငါလွမ်းလျက်သည်...
အိပ်မက်လိုလို တက္ကသိုလ်.................။

((ပျဉ်းမနားမောင်နီသင်း))

No comments:

Post a Comment