ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Friday, November 30, 2007

လွမ်းတဲ့....လမ်း

လွမ်းတဲ့ လမ်းမှာ
ပန်းလည်းမပွင့်
ရင်နင့်စရာ......။

လွမ်းတဲ့ လမ်းမှာ
ရွက်သစ်မဝေ
ရွက်ခြောက်တွေပဲ
ကြေကွဲစရာ......။

လွမ်းတဲ့ လမ်းမှာ
စမ်းလည်းမစီး
ဝမ်းနည်းကြီးမား
သီးခြားကမ္ဘာ.....။

လွမ်းတဲ့ လမ်းမှာ
ချစ်သူမတွေ့
မပျော်မွေ့ဘူး.....၊
ရင်မှာစူးလျက် ရူးချင်စရာ.....။

လွမ်းတဲ့...
လမ်းမှာ... ....
... .... ....။ ။

မောင်လှမျိုး (ချင်းချောင်းခြံ)

Monday, November 26, 2007

ငြိမ်းချမ်းရေး ကြေငြာစာတမ်း

ရန်ဖြစ်ပြီးမှ
ပြန်ချစ်ကြတာ
သဘာဝပါကွယ်.....။

စစ်ဖြစ်နေတဲ့ ကာလ
အချစ်မျက်ရည်တွေ
အခါခါကျတာတော့.....
ရင်ထဲက
တသသ နာလွန်းတယ်.....။

မခွဲနိုင်မှန်း သိလျက်နဲ့
စကားနိုင်လု၊
သ၀န်တိုမှုတွေ
တဖြည်းဖြည်းစု
စိုးရိမ်ပူပန်မှုတွေက...
မြင့်သထက်မြင့်
ရန်ဖြစ်တဲ့ အဆင့်ကို
မာန်ဝံ့ပြီး တက်ခဲ့ကြတာ
ဘယ်သူမှားသလဲကွယ်....။

အချစ်ရယ်...
ရန်မဖြစ်ကြေး
ပြန်စစ်ဆေးကြမယ်ဆိုရင်...
နင်လည်း...နာ၊ ငါလည်း....နာ
နင်လည်း...လွမ်း၊ ငါလည်း....လွမ်း
နင်လည်း....ငို၊ ငါလည်း....ငို
ကမ္ဘာပြိုမတတ်ပါဘဲကွယ်။

ချစ်သူအချင်းချင်း
တိုက်တဲ့...စစ်
မုန်းလို့မှ မဖြစ်ဘဲ။

မုန်းမေ့လို့ မရကြမယ့် အတူတူ
(စစ်မဖြစ်ကြေး)
ဟောဒီ့ အချစ်လက်ရေးနဲ့
(ငြိမ်းချမ်းရေးသ၀ဏ်လွှာလေး)
နင့်ကို.....ပေးလိုက်ပါရစေ။

နေ့လည်း...လွမ်း၊ ညလည်း....လွမ်း
မျက်ရည်တစမ်းစမ်းနဲ့
ရန်ဖြစ်ပြီးမှ၊ ပြန်နမ်းမိတဲ့...အနမ်း
ငါ့...ရင်ထဲ.....
ပိုလွမ်းသွားရပြန်ပြီကွယ်။ ။

မောင်လှမျိုး (ချင်းချောင်းခြံ)
(မှော်မင်းသမီး..စာအုပ်မှ)

အပူသည်

အသစ်မဟုတ်ဘဲ
နေရောင်နဲ့ပြန်သထားတဲ့
မနက်ခင်း တစ်ခုမှာပါ။
ကျွန်တော်အရူးအမူးဖြစ်နေတာကတော့
အိပ်မက်ထဲက
မွှေးမြနေတဲ့ နားရွက်လေးတစ်ဖက်ပါပဲ။

လေကလည်း တဟူးဟူးတိုက်နေရဲ့
နှလုံးသားပေါ်မှာ
ခိုကိုးရာမဲ့ ကျီးကန်းတစ်ကောင်ဟာ
တစာစာအာနေလေရဲ့
အလွမ်းတွေ ဖွာလန်ကျဲလို့
မြင်မကောင်းအောင်ငိုထားတဲ့
တေးသွားလေးလိုပဲ
သက်ဆင်းခဲ့။

သိပ်တော့လည်း မဆန်းပါဘူးကွယ် တဲ့။
တချွတ်ချွတ် မြည်နေတဲ့
သစ်ကိုင်းခြောက်က
မာဂဓဘာသာစကားနဲ့
ကျွန်တော့်ကို ချွေးသိပ်တယ်။

ရေတံခွန်အောက်ဝင်လည်း အပိုပဲ
နှလုံးသားတစ်ရပ်စာသာမြင့်တဲ့
မျှော်စင်တစ်ခုဆောက်ပြီး
ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ်။
မီးကိုစတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်နေလေရဲ့.....။


ကေဇော်

Friday, November 23, 2007

အဖေ့အတွက်..ပေးစာ

အဖေရေ ခုအချိန်ထိ လူအများကြားမှာ မိကောင်းဖခင် သားအဖြစ်ရပ်တည်နိုင်စေခဲ့လို့ ကျေးဇူးတင်ပါတယ်။
သူများတွေလို အလျှံပယ်အောင် မထားနိုင်ပေမယ့် မကြောင့်ကြရအောင် လူတန်းစေ့စေ့ ရပ်တည်စေနိုင်ခဲ့ပြီး ပညာတတ်တစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးခဲ့တဲ့ အဖေ့မေတ္တာကိုလည်း ကျွန်တော် ခံစားမိပါတယ် အဖေ။

အဖေရေ ကျွန်တော်က သားမိုက်တစ်ယောက် မဟုတ်ပေမယ့် သားလိမ္မာတစ်ယောက်လဲ မဟုတ်ခဲ့ဘူးနော်။ အဖေ့မျှော်လင့်ချက်တွေ အဖေ့အိပ်မက်တွေကိုလည်း အခါခါ ရိုက်ချိုးခဲ့မိတယ်။ ကိုယ်ဖြစ်ချင်တာ တစ်ခုတည်း သိပြီး အဖေ့ကို ၀န်ထုပ်ဝန်ပိုးလည်း ဖြစ်စေခဲ့တယ်။ အဖေ ပေးဆပ်ခဲ့သလောက် ကျွန်တော့်အလှည့်မှာ တာဝန် မကျေနိုင်သေးပါဘူး အဖေ။

အဖေရေ အလုပ်ပင်ပမ်းလို့ ဖြစ်ဖြစ်။ ဘ၀အမောတွေကြောင့် ခွန်အားတွေ ပျောက်နေတဲ့အခါပဲ ဖြစ်ဖြစ် ဒီကဗျာလေးကို ဖတ်ကြည့်ပါ။ အဖေ့ကို နားလည်မှုမရှိဘူးလို့ အဖေထင်တဲ့ သားတစ်ယောက်ရဲ့ ရင်ထဲက စကားတွေကို အဖေ့နှလုံးသားက ကြားနိုင်ပါစေ အဖေ.....။


သို့..ဖေဖေ

(၁)
အဖေ...
မွေးစကနေ၊ ဒီအရွယ်အထိ
သားတို့ကို ရှာဖွေကျွေး...
လိုသမျှ ပေးခဲ့တယ်နော်......။

(၂)
မျှော်လင့်ချက်တွေ တစ်ပုံတစ်ခေါင်း
မေတ္တာရေသွန်းလောင်းလို့...
လူရာဝင်ရေး၊ ပညာအမွေပေးတဲ့
အဖေ့စေတနာ.....
ကျွန်တော် နားလည်ပါတယ်..အဖေ..။

(၃)
တစ်ခါ တစ်ခါမှာ....
အဖေ့ မျှော်လင့်ချက်တွေကို ရိုက်ချိုး
ကျွန်တော် ဆိုးမိတော့လည်း....
အပြစ်မယူ..မငြူစူပဲ...
ကြည်ဖြူစွာ ပေးဆပ်..အပြုံးမပျက်တဲ့..အဖေ....။

(၄)
နေပူပူ..မိုးသည်းသည်း..
နှင်းဖွဲဖွဲကျလည်း...
ဝတ္တရား မပျက်၊ ငွေရှာထွက်လို့..
မိသားစု အရေး၊ အမြဲပဲ တွေးနေတတ်တဲ့..အဖေ.....။

(၅)
အလုပ်ခွင်မှာ၊ စိတ်မရွှင်စရာ ..
ဘယ်လောက်ကြုံကြုံ...
အချိန်တန်လို့၊ အိမ်အပြန်မှာ...
မိသားစုကို သောကမပွားစေဘဲ....
မြိုသိပ်ထားတတ်တဲ့....အဖေ..။

(၆)
အဖေ့...သမီးကြီးလောက်...
ဂုဏ်မမြောက်တဲ့...
သိုးမည်းလေး ကျွန်တော့်ကို...
တစ်ခါ တစ်ခါ..
ဂရုဏာဒေါသနဲ့ ဆူပူတတ်တဲ့ .. အဖေ..။

(၇)
အဖေ....
အဖေ့အလှည့်မှာ.....
ကျွန်တော့်ကို ပေးဆပ်ခဲ့ပေမယ့်...
ကျွန်တော့်အလှည့်မှာ..
တာဝန်မကျေနိုင်သေးတဲ့..
အဖေ့သားကဗျာငှက်ကလေး...
ဒီစာကို အဖေ့အတွက်ရေးလိုက်ပါတယ်......။

(၈)
အဖေ့အတွက်...
အမောပြေစေတဲ့..ရေတစ်ခွက်မဖြစ်ရင်တောင်....
ချွေးသိပ်ပေးမယ့်...မိုးပေါက်လေး တပေါက်အဖြစ်
အဖေ...မှတ်ယူ....ကြည်ဖြူနိုင်ပါစေ.....။

Thursday, November 22, 2007

တိတ်တခိုး.....

(၁)
တိုးတိုးလေးနဲ့......
ခိုးခိုးပြီးချစ်ခဲ့တာပါ......
ရင်ခုန်သံတွေကိုသော့ခတ်....
အဖြူရောင်နေ့ရက်တွေ အတွက်ပေါ့......။

(၂)
သူငယ်ချင်းရေ.......
ဝေးခဲ့တဲ့ရက်တွေတိုင်းမှာ.....
နှစ်ယောက်အတူရှိခဲ့တဲ့.မနက်ခင်းတွေကို တမ်းတ..
နင်ရော....
ငါ့ကို သတိရရဲ့လား........။

(၃)
တစ်ယောက်..တစ်နေရာ.....
မိုင်များစွာ ဝေးကွာနေတော့မှ....
နင့်ကို...ပိုပိုလွမ်း.....
ငါ့မှာတော့......
အချိန်တိုင်းမှာ..လောင်ကျွမ်းလို့လေ.......။

(၄)
ဒဏ်ရာ..ဗရပွနဲ့...
ကြေမွနေတဲ့..ငါ့နှလုံးသားကို....
နင့်ရဲ့အပြုံးများနဲ့..ပြန်လည်အသက်သွင်း....
နင်ဟာ...ငါ့အတွက်တော့....
နံနက်ခင်းပါပဲ.........။

(၅)
မျှော်လင့်ခြင်းတွေ..ရှင်ပြန်ထမြောက်...
ရင်ထဲကို..အားတွေရောက်အောင်....
နင့်အကြည့်တွေက..စွမ်းဆောင်....
နင်ဟာ..ငါ့အတွက်တော့.....
အလင်းရောင်ပါ.......။

(၆)
အထီးကျန်..တစ်ကိုယ်တည်း...
အကျည်းတန်စွာ...မှောင်မည်းနေတဲ့...
ငါ့ဘ၀ရဲ့..သိမ်ငယ်ခြင်းတွေကို..ဖယ်ရှင်း...
နင်ဟာ..ငါ့အတွက်တော့...
ငွေလမင်းပါ......။

(၇)
ချစ်ခြင်းမှာ..အခါခါအဖြစ်ဆိုး...
ပူမှန်းသိရက်နဲ့...မီးကို..၀င်ဝင်တိုးတတ်တဲ့....
ငါက....
ပိုးဖလံလို..လူမျိုးပေါ့....
ပူလောင်မှုတွေ..ကင်းဝေး....
နင့်မေတ္တာရိပ်မှာ...ငြိမ်းအေးပါရစေ......။

(၈)
ကျောင်းသွားဖော်လေးရေ......
ငါ့ရင်ထဲက..အချစ်တွေအကြောင်း...
နင်သိစေဖို့...ဆုတွေတောင်းလို့....
ကျောင်းဖွင့်ရက်ကိုမျှော်လင့်....
နင်နဲ့အတူတူ....
ပျော်ခွင့်ရချင်တယ်............။

နွေဦးကျောင်းတော်

ခေတ်အဆက်ဆက်မှာ
မီးတောက်ပိုက်ခဲ့တဲ့ လူမိုက်ကလေးပေါ့...

ကျောက်ထက်အက္ခရာတွေ နားမလည်လို့
ကောလိပ်ကျောင်းသား ဗေဒနဲ့ပဲ
ချစ်တယ် လို့ရေးမယ်
နှင်း ..ရေ... ... .... ..
ငါ..စစ်ကြေညာပါရစေ။

'သိပ်ခက်တာပဲ
တေလေ လေး ရယ်' တဲ့
သူမခေါင်းလေး ခါရမ်း
ဒါပါပဲ... ..
ကျောင်းတော်ရဲ့ အုတ်ခုံတန်းမှာ
ဒူးပိုက် ရူးမိုက်မိတဲ့ ကောင်မို့
နွေဦးကျောင်းက ကံ့ကော်ရေ... ... .... ..
ငါ..ခူးပါရစေ။

သူငယ်ချင်း မဟုတ်တဲ့
သူ .. ငယ် .. ချင်း ကို လွမ်းမိတော့
ကွဲအက်သော လက်ချောင်းတွေနဲ့
ဘုရားရှင်ထံ ဆုတောင်း
ကျောင်းပုံပြင်တို့ မွှေးပျံ့စေသားကွယ်
ဖြစ်နိုင်ရင်
အိပ်မက်တို့ ပွင့်ရာမြေမှာ
ကျောင်းသူလေး လျှောက်ဖို့လမ်း
ကျောင်းသားလေး ဖောက် လို့ ပေး ပါရစေ။

ဟောဒီမှာ
ဧဒင် ကျောင်းက
ခေါင်းလောင်းသံ လားကွယ်
ကျောင်းတံခါး ကို တိတ်တိတ်လေး
ပိတ် ပြစ် လိုက် ပြန်ပြီ
မြင်နေကျ မြေနီ လမ်း လေးမှာ
စံပယ်တွေ လူခိုးခံရ ရော့ မယ်။

ဒီလိုနဲ့ နွေဦးရက်များစွာမှာ
ကောက်ပင်လေးက
သူ့ လယ်သူမ ကို မျှော်နေသလိုမျိုး
ကျောင်းသားလေးလဲ မျှော်ခဲ့ဖူးပါရဲ့
ဒါပေမယ့် ပင်လယ်ဆိုတာ
စက္ကူလှေ အတွက်တော့ ကျယ် လွန်းတယ်လေ...
အဲ့ဒီတော့ ခပ်ရင့်ရင့်ပဲ မေးမယ်
အမှောင် ခေတ် မှာရော
လမင်း ပွင့် ပေး လို့ ရမလား။

အလင်းမှေးမှေး နဲ့ပဲ
ရွက်တွေ လွှင့်ခဲ့ ရ
အလွတ် ကျက်ထားတဲ့
ခုံနံပါတ် လေး က
နက္ခတ်များ မှားပွင့် ခဲ့ လေ သလား
ကျောင်းတော်ကြီးရယ်
သစ်ရွက်တွေ ကို သာ ကုန်အောင် ခြွေပါ
ကျောင်းသားလေး ကိုတော့ ထား ခဲ့ ပါ။

ဒီလောက် လေးပါပဲ...
အသည်းကွဲ တယ် ဆို တာ
လွယ်အိတ်ကလေး ပိုက်
ခေါင်းလေး ငိုက်ချ ထားရုံနဲ့မှ မပြေနိုင်တာ
နောင်တခေတ် တခါ တော့
အိပ်မက်များ လင်းတောက် နိုင် ကောင်းပါရဲ့.... ..။

နေမိုးကြယ်

ဘ၀သေတဲ့....ည

တိတ်ဆိတ်တဲ့ ညပါ
မိုးတွေသည်းလို့
ကိုယ် ကမ္ဘာပျက်တဲ့ ညပေါ့
တသက်တာ ထာဝရ
ရင်နင့်အောင် ချစ်ခဲ့တဲ့ နင့်ကို
အပြီးအပိုင် ဆုံးရှုံး
မေ့မုန်းလိုက်ရတဲ့ ညလေ
မ..........ရေ
တစ်ပါးသူ ရင်ခွင်မှာ ခိုလှုံလို့
နင်ထားခဲ့တဲ့ညပေါ့......။


((ဆိုးသွမ်း))

(ကိုဆိုးသွမ်းရဲ့...အလွမ်းသင့်သူ ဘလော့မှ ကူးယူဖော်ပြပါသည်။)

Wednesday, November 21, 2007

အထီးကျန်

တစ်ယောက်ထဲပါ....
အရင်ကတည်းက နေတတ်ပြီးသား
အခုမှ... ဘာများ ၀မ်းနည်းရမလဲ......။

အထီးကျန်မို့၊ အကျည်းမတန်ပါဘူး..
ကိုယ့်ဘ၀ကို၊ ကိုယ့်ဘာသာမောင်းနှင်...
ကိုယ့်လမ်းကိုယ်ဖောက်၊ ဟိုးထိပ်ဆုံးရောက်အောင်သွား...
ငါက....ဖန်ဆင်းရှင် လူသားလေ......။

လူ့အလို လူ့အကြိုက်
အခါတစ်ရာမက လိုက်ခဲ့ပေမယ့်....
မလိုက်မိတဲ့ တစ်ခါကို ပုံကြီးချဲ့
စိတ်ဓါတ်တွေ ကျိုးပဲ့အောင်.
စကားလုံးနဲ့ သတ်တတ်တဲ့
လူတွေကို ရွံတယ်......။

အများနဲ့ တစ်ယောက်မို့
ဒူးထောက်ငိုကြွေး...
ငါက ပူဆွေးနေမယ်ထင်လား....။

သွားစမ်းပါ...
ငါ့ဘ၀ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို
ဘာမဟုတ်တဲ့ လူတွေအတွက်...
ပေးဆပ်ရအောင် တန်မှမတန်တာ.....။

လောကဓံရေ...
မင်းဘယ်လောက် ဖိနှိပ်နိုင်မလဲ
မင်းလက်က လွတ်တဲ့တစ်နေ့
မိုးကို ဒူးနဲ့ တိုက်ပြမယ်....။

တူဖြစ်နေတုန်း နှံလိုက်ကြဦးပေါ့
ပေဖြစ်နေတဲ့ငါ...
အံကြိတ်ကာ ခံနေမှာပါ....။

ငါ..သံယောဇဉ်ထားမိသမျှလူတိုင်းက
ငါ့ကို စော်ကား
နောက်များတော့ တော်ပါပြီ......။

အရင်ထဲက သင်းကွဲ...
မင်းတို့..လုပ်ရပ်ကြောင့်..
ထူးပြီး ၀မ်းမနည်းပါဘူး.....
နေတတ်ရင် ကျေနပ်စရာတွေ
ငါ့ကမ္ဘာမှာ အပြည့်ပါ....။

အနာဂါတ်ကာလမှာ...
ငါ့ဘ၀ အဆင့်မြင့်အောင်...
ငါ့ဘာသာ စွမ်းဆောင်ရမှာမို့...
အသုံးမကျတဲ့ လူ့အန္ဓတွေရေ....
အားလုံး....Goodbye..........။

((လေးညှို့ရှင်))

ကောင်းကင်ဆီပို့တဲ့ အီးမေး(လ်)

``မင်္ဂလာပါမေမေ´´

အိပ်မက်စိမ်းပွင့်ပန်ထားတဲ့ တောတန်းလေး
ညတွေရဲ့ မွန်းကျပ်မှုနဲ့ အသက်ရှင်၊

သားဘ၀က နက်ဖန်ဆိုတာမရှိ၊
သားအလှကဗေလုဝနဲ့ ကုသ၀င်စားတယ်၊
သားအချစ်က ဘုရားရှင်ရှေ့ကသစာပန်း၊
` သားကောင်မလေးက ခြေသလုံးမလှဘူး၊
သားဝင်ငွေက သူဖုံးစားထက်ဆင်းဆင်းရဲရဲ၊
သားဝါသနာက မိုးခေါင်ရေရှားမှာ ပွင့်တဲ့ပန်း၊
သားအဖြစ်က ကွန်ပျူတာလို Restoreခေါ်မရတဲ့ အမှားတွေနဲ့
ညဖိနပ်တစ်ရံနဲ့လေလွင့်သူ၊


မေမေရေ.....
မေမေ့အမျိုးတွေက အရောင်တွေနဲ့ လွမ်းဖတ်ကျ
ပန်းပွင့်ရောင်မြှား အထပ်ထပ်နဲ့ ပစ်ခတ်ကြ
သားရဲ့ ကျည်ကာအကျီင်္က ညီမလေး၊

အခုတော့ သားဘ၀က
စိတ်လေးလက်ဝန်ကြီးနဲ့ မပေါ့မပါး
ဘယ်တော့ ဘယ်လို ဖွားမလဲမသိတဲ့ ဒုက်ခနဲ့
သားညီမလေးကိုသတိရတယ်၊

တကယ်တော့ ဘ၀ဆိုတာ
မေမေပြောသလို တောနက်တောင်တန်းပါပဲ မေမေရယ်၊

မေမေရေ...
မေမေ့သားဘ၀လေး ကွန်ပျူတာလို windowကျသွားတဲ့အခါ
သားညီမလေးကို အတင်ခိုင်းပါ၊
မေမေ့သားဘ၀လေး ဆက်သွယ်မှု ဧရိယာအပြင်ဘက်ရောက်သွားတဲ့အခါ
သားညီမလေးကို ဆက်သွယ်ပါ၊
မေမေ့သားဘ၀လေးရဲ့ ခုံတန်းလေး နေညိုသွားရင်
သားညီမလေးနဲ့ တိုင်ပင်ဆွေးနွေးပါ၊

တကယ်ဆို(စင်္ကာပူကို လယ်ထွန်သွားချင်တဲ့သားအတွက်)
စကားလုံးအဆိပ်တက်နေတဲ့ တဲပျက်တစ်လုံးဆိုတာ
ဟောဒီအိပ်မက်တောတန်းလေးပါပဲ မေမေရယ်။ ။

ကေတီဦး (ကိုနေသစ်ရဲ့ အိပ်မက်တောအုပ် ဘလော့ခ်မှ)

စိတ်ဓါတ်

ဖြစ်စရာရှိသည့်အတိုင်းပင် သင်ဖြစ်ရလိမ့်မည်။
မအောင်မြင်မှုက သူ၏အကြောင်းအရင်းကို
“ပတ်ဝန်းကျင်” ဆိုသည့်
အရေးမပါသော စကားလုံးမှာ ရှာဖွေကာ
နှစ်သိမ့်မှုပေးနေမည် ဖြစ်သော်လည်း
စိတ်ဓါတ်ကမူ
ယင်းကို မထေမဲ့မြင်ပြုကာ
လွတ်လပ်စွာပင် ရပ်တည်သည်။


သူသည် အချိန်ကာလကို စိုးမိုးသည်။
နေရာဌာနကိုလည်း အောင်နိုင်သည်။
ကံကြမ္မာတည်းဟူသော ၀င့်ကြွားတတ်သူ
လူလှည့်စားကို
ချိုးနှိမ် ငြိမ်ဝပ်စေသည်။
အခြေအနေ အကြောင်းခြင်းရာတည်းဟူသော
အာဏာရှင် ဘုရင်မင်းကို
သရဖူဖြုတ်ပယ်ကာ
အစေအပါးအဖြစ် ခစားစေသည်။

မသေဆုံးနိုင်သော နာမ်ဝိညာဉ်မှ ပေါက်ဖွားခဲ့သည့်
စိတ်ဓါတ်တည်းဟူသော
မမြင်ရသည့် စွမ်းအား၊
သည်စွမ်းအားသည်
ရည်မှန်းချက်ပန်းတိုင်သို့ သွားရာလမ်းတွင်
ကျောက်သားနံရံ ခြားထားသော်လည်း
ထွင်းဖောက်၍ သွားမည်ပင်။

ထို့ကြောင့် ဖြစ်လိုရာမဖြစ်သေးဘဲ
နှောင့်နှေးကြန့်ကြာနေသည့် ကာလမျိုးတွင်
နှေးကွေးလှဘိဟု
ညည်းညူမြည်တမ်းမှု မပြုပါနှင့်။
နားလည်သူပီသစွာ
စောင့်စည်း သည်းခံပါ။
စိတ်ဝိညာဉ် ကြိုးကြွနိုးထပြီး
အရာရာကို စီမံခန့်ခွဲပြီဆိုလျှင်
နတ်ဒေ၀တာများပါမကျန်
နာခံရန် အသင့်ရှိကြမည်သာပင်။


ဖေမြင့်
((သင့်စိတ်သင့်အတွေးအကြံများ အတိုင်းသာ))

မှားတဲ့ဘက်မှာ

(၁)
ဘ၀ဟာ..ချိုသလား..ခါးသလား...
ငါကတော့...
ရိုးသားစွာ..မှားနေတတ်သူပါ....။



(၂)
လူ့လောက.မာယာတောမှာ...
အခါခါ..ရင်မောရင်း...
ဒဏ်ရာတွေ..ပိုပိုတိုး...
ရင်ထဲမှာ...
ဆူးပင်တွေ..ပျိုးလို့ပေါ့.....။

(၃)
ယုံကြည်မှုရဲ့ရလဒ်...
ကျောပြင်ထက်က..ဓါးချက်တွေကလည်း..
တဖြည်းဖြည်း..များပြား..
ခုဆိုရင်..
ပိုပို..ဆိုးဝါးလို့လေ.....။

(၄)
အများနဲ့တစ်ယောက်...
ယှဉ်ပြိုင်စရာတွေ..ပေါ်ပေါက်တဲ့အခါ..
အားနည်းသူကို..အပြစ်ပုံချ..
အဲဒါ.. သဘာဝလား...။

(၅)
ရှေ့တစ်မျိုး..ကွယ်ရာတစ်မျိုးနဲ့..
အပြုံးတုနဲ့လမ်းပြ.ချောက်ထဲအထိတွန်းချတတ်တဲ့..
မျက်နှာဖုံးနောက်က..
လူတွေရဲ့..အဇ္ဈတကို ရွံတယ်...။

(၆)
မလိုသူတွေရဲ့..မျက်နှာထား...
ကျီးလို..၀ိုင်းအာတတ်တဲ့..စကားတွေကြားမှာ..
အံကြိတ်မာန်တင်း..
ရှေ့မှာ .. အောင်မြင်ခြင်းရဲ့ပန်းတိုင်းရှိတယ်...။

(၇)
ဘ၀ရဲ့..မီးရှုးတန်ဆောင်...
မျှော်လင့်ခြင်းရဲ့..အလင်းရောင်တွေနဲ့...
ကိုယ့်ဘ၀ကို..ထုဆစ်..
တစ်နေ့မှာ..ငါဟာ...
အားလုံးရဲ့အထက်..ဟိုး....မိုးမြင့်မှာလေ....။

((လေးညှို့ရှင်))

ဂိုးစောင့်

နည်းပရိယာယ် မကြွယ်ဝဘူး...
အဲသလို...
အတွေ့အကြုံအရလည်း နုနယ်တော့..
ကိုယ့်ကစားကွက်ဟာ..
ရယ်စရာဖြစ်ကောင်း...ဖြစ်နေမယ်…...။




မကွယ်မ၀ှက်ပြောရရင်...
ကိုယ်.....
ရှေ့တန်းတိုက်စစ်မှူးလည်း .. မဟုတ်
ကွင်းလည်ဖန်တီးရှင်လည်း .. မဟုတ်
နောက်တန်းခံစစ်သမားလည်း .. မဟုတ်
ကိုယ့်အတ္တအတိုင်းဆို
((ချီလာဗက်)) လို
ဖရီးကစ်တွေက တစ်ဆင့်
အနိုင်ဂိုးတွေ တဒိုင်းဒိုင်း သွင်းပစ်ချင်တာပေါ့…...။

အခုတော့....
ကံကြမ္မာဒိုင်ရဲ့ တစ်ဖက်သတ်လှည့်ကွက်မှာ...
ပြစ်ဒဏ်ဘောတွေ ခဏခဏ အပြခံရနဲ့..
လောကဓံ..တိုက်စစ်မှူးတွေရဲ့...
ဗျူဟာမြောက် ကန်ချက်ပြင်းပြင်းတွေကိုပဲ...
စက္ကန့်တိုင်းနဲ့အမျှ..အလူးအလဲ ပုတ်ထုတ်ကာကွယ်နေရတယ်.....။

((ဝေးအိမ်))

ဓါးသွားပေါ်မှာ..ကတဲ့ဆပ်ကပ်..

`လောကမှာ လူပြိန်းတွေပဲများတယ် သီဟရဲ့။ အဲဒီစကားရှင်းပါတယ်။ မင်းလက်ခံတယ်မို့လား´

`လောကနီတိတောင် ညွန်းတယ်မို့လား၊ ရဲရင့်သူကို သင်းခွဲပြီး အနိုင်ယူရမယ်တဲ့။ မင်းရဲ့အဖေါ်တွေဟာ သူတို့ထက် အများကြီးသာနေတဲ့ မင်းကို မနာလိုဖြစ်တဲ့အခါ ဒီနည်းကို သုံးလိုက်ကြတာပဲ´



`ဒါပေမဲ့ ဒီအပေါ်မှာ မင်း လွန်လွန်ကဲကဲ ခံစားစရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ လူ့သဘာဝမို့လို့ပဲ။ မင်းနေရာမှာ တခြားလူဆိုရင်လည်း မင်းလို အလုပ်ခံရမှာပဲ။ သူတို့နေရာမှာ တခြားသူတွေဆိုရင် သူတို့လုပ်သလို လုပ်ကြမှာပဲ။ မင်းမှ.. သူတို့မှရယ် မဟုတ်ပါဘူး။ အုပ်စုတစ်ခုထဲမှာ တစ်ယောက်က ကျန်သူ အားလုံးထက် မြင့်မားသာလွန်နေရင် ကျန်တဲ့သူတွေက သူ့ကို မနာလိုဖြစ်ပြီး စော်ကားတိုက်ခိုက်လာမှာပဲ။ လူ့လောကနဲ့ လူတွေဆိုတာ ဒီလိုပါပဲ သူငယ်ချင်းရယ်။ ပုထုဇဉ် လက်မှတ်ရထားတဲ့ သဘာဝကျကျ အရူးတွေဆီမှာ ဒီအတိုင်းဖြစ်နေမှာပဲ´

`လူ့သဘာဝတွေကို မင်းနားလည်မှုထားပေးလိုက်ပါ။ လူတွေမှာ ကိုယ်ဖြစ်စေချင်တာတွေ ဖြစ်ရင်လည်း ဖြစ်လာမယ်၊ ဖြစ်ချင်မှလည်း ဖြစ်လာလိမ့်မယ်။ လူ့သဘာဝဆိုတဲ့ ၀င်္ကပါထဲမှာ သူတို့ လှည့်လည်နေတာပဲ။ ကိုယ့်ကိုယ်ကိုမို့လို့ ထောက်ခံနေတာလည်း မဟုတ်ဘူး။ ဆန့်ကျင်နေတာလည်း မဟုတ်ဘူး။ သူတို့ လမ်းကြောင်း အတိုင်းသူတို့ လျှောက်နေရင်း ကိုယ့်ကို ခလုတ်တိုက်နေကြတာပါ။ အဲဒီသဘာဝကို နားလည်ထားမယ်ဆိုရင် လောကဟာ မင်းအတွက် တစ်ဝက်ပေါ့ပါးသွားပါလိမ့်မယ်´


`တကယ်တော့ ဒီလောကဟာ တို့ အခုဝင်ကြည့်ခဲ့တဲ့ ဆပ်ကပ်ကလေးထက် အများကြီးပွေလီတဲ့ ဆပ်ကပ်ကြီးပဲ။ ဆပ်ကပ်ပညသည်တွေ၊ ဆပ်ကပ်ကို သဘောကျလို့ လက်ဖ၀ါးချင်း ပါးရိုက်ပြီး သြဘာပေးတတ်သူတွေဟာ တို့ပါတ်ဝန်းကျင်မှာ ရေမရလောက်အောင် များလှပါတယ်။ လေ့လာသူတစ်ယောက်လို ကြည့်နေပါ သူငယ်ချင်း။ အဲဒီထဲမှာ ပါဝင်မခံစားပါနဲ့။ လောကမှာ သားရဲဘုရင်ဆိုတဲ့ ခြင်္သေ့တွေက မြက်မစားသလို လှည့်ဖြားကောက်ကျစ် တတ်တဲ့ မြေခွေးကလည်း မြက်မစားဘူး။ အဲဒါကိုတော့ အထူးသတိထားပါကွာ။



တာရာမင်းဝေ

(ဓါးသွားပေါ်မှာကတဲ့ ဆပ်ကပ်...)မှ