ငါ့ကလောင်သွား မြှားတစ်စင်းလိုထိုးဖောက် မင်းတို့ရင်ထဲအထိရောက်အောင် ငါပို့ဆောင်မယ်.........

Wednesday, December 12, 2007

ကောင်မလေး...သို့ (၄)

(၁)
ကောင်မလေးရေ...
စာမလာ သတင်းမကြား
မင်း...
နေရောကောင်းရဲ့လားဟင်...။

(၂)
မင်းအကြောင်းတွေကို
အခါမလပ် ငါတွေး
ကြိတ်ဆွေးနေရတာပါ...။

(၃)
မင်းအတွက်တော့
ငါဟာ
စိတ်ညစ်စရာ ဖြစ်ချင်ဖြစ်နေမှာပေမယ်...။


(၄)
ငါ့အတွက်တော့
မင်းမရှိလို့ မဖြစ်တာ
သစ္စာဆိုဝံ့ပါတယ်ကွယ်....။

(၅)
ကောင်မလေးရေ..
မင်းမပါတဲ့ အင်းယားညနေ
ငါ့အတွက်တော့ မျက်ရည်တွေပါပဲ...။

(၆)
ဆွေးသူကို ဖေးကူသလို
မိုးဖြူတွေကလည်း၊ မစဲတန်းရွာ..
ငါ့ရင်မှာ နာကျင်လိုက်ရတာ....။

(၇)
ကိုဗျာလေးရဲ့ ဟာသတွေ
ပျော်ရွှင်စရာ ဖြစ်ပေမယ့်
ငါ့အတွက်တော့...
မင်းကို သတိရစိတ်ပိုလို့တိုး
ရယ်တောင် မရယ်မောနိုင်ခဲ့ပါဘူးကွယ်.....။

(၈)
မကံ့တို့ရဲ့..“အင်္ဂါနံ” ခေါ်သံ
ငါ့နားထဲမှာလျှံနေလို့
မင်းကို ပိုပိုသတိရ
ဒါကို သူတို့မှ မသိနိုင်တာ.....။

(၉)
ကောင်မလေးရေ....
မင်းပြန်လာမယ့် တန်ခူးကို
ငါ့ရင်မှာ ညွှတ်နူးလို့
အဦးဆုံး ပိတောက်ဖူးကို ရင်မှာပိုက်
မင်း ဆံကေသာတ၀ိုက်မှာ ပန်ပေးပါရစေ....။

(၁၀)
အဲဒီအခါ...အင်းယားညနေ၊ ရတက်တွေမဝေပဲ
ငါတို့အတွက်..မက်မပြေစရာတွေ
အပြည့်ပေါ့ကွယ်.......။

No comments:

Post a Comment